တာချီလိတ်

hankyiMarch 25, 20112min01
ငလျင်တဲ့လေ
မြေလွှာတုန်ဟီး  မြေကြီးအက်ကွဲ
သည်းအူပြတ်အောင်  လှိုင်းခတ်တုန်ခါ
မြေကမ္ဘာရဲ့ ကြေကွဲခန်း…

ငလျင်တဲ့လေ
နေရာထိုင်ခင်း  ပျက်ယွင်းဖောက်ပြန်
ရပ်တည်ရန်ခက်  အသက်ဆုံးရှုံး
ယူကြုံးမရ  ဘဝအိုးအိမ်
စည်းစိမ်ပျက်စီး
သောကမီးတွေဝေမျှသူ…

ငလျင်တဲ့လေ
စိတ်မဖြေနိုင်  တွေဝေမှိုင်ငေး
အတွေးတုန်လှုပ်  ရုတ်ရုတ်သဲသဲ
ကြေကွဲခန်းဖွင့်  ရွေးချယ်ခွင့်မဲ့
ဝင်ရောက်ခဲ့တဲ့ ကမ္ဘာနာ…

ငလျင်တဲ့လေ
ကမ္ဘာမြေပြင်  တုန်ယင်အက်ကွဲ
မခေါ်ဘဲလာ ကမ္ဘာနာမို့
ဖြေသာနိုင်လည်း  လူ့စိတ်ထဲတွင်
ငလျင်လောဘ  ဝိသမတို့
လှိုင်းထလှုပ်ရှား  သနားမဲ့ကင်း
ရိုင်းမိုက်ခြင်းတို့  လက်ငင်းယူဆောင်
လူ့ဘောင်ခြေမွ  တောကြောင်ထဖို့
ရှေ့ကနှိုးဆော်  လမ်းပြသော်ကား
ရမ်းကားလွန်း၍  ယုတ်ညံ့သည်…

ဪ…
ကိုယ့်ပြည်ကိုယ့်ရွာ  ကိုယ့်အနာကို
ကြင်နာယုယ  ကုသဖို့ဝေး
ကိုယ်ကျိုးတွေးသည့်  ကိုယ့်သွေးကိုယ့်သား
လောဘသားတို့  သနားစိတ်ဝင်
လူစိတ်ပြင်အောင်  ရှေ့ဆောင်လမ်းပြ
ငလျင်စသော်
တော်ပါဘိခြင်း  ငလျင်မင်း ။    ။

ဟန်ကြည်
၂၅.၃.၂၀၁၁(သောကြာနေ့)
ည ၉:၂ဝနာရီ

One comment

  • unclegyi1974

    March 25, 2011 at 4:40 pm

    ငါ့းအုပ်စုမပြိုကွဲသမျှ
    ငလျင်မင်း လည်းသနားတယ်

    Reply

Leave a Reply

Your email address will not be published.