ချစ်ခြင်းရနံ့တွေနှင့်အတူ

manawphyulayDecember 24, 20101min00

ဒီဇင်ဘာ ဆောင်းဦးအဝင်
မြူတွေဆိုင်းစ ကာလမှာ
ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့
ပန်းချီကားချပ်နှင့်အတူ
မြက်ပင်ရှည်ရှည်တွေ
လေယူရာယိမ်း ဖွေးလှုပ်နေတာ
ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်…
မမြင်နိုင်တဲ့ တစ်နေရာဆီက
သခင့်ရဲ့သတင်းကို ဆောင်ယူလာခဲ့
လေပြည်တွေဟာ
ကျွန်မကို နှုတ်ဆက်ပြီး
ကျောခိုင်းသွားကြတယ်လေ…
ကျွန်မရင်ထဲက
လှုပ်ရှားပျော်မွေ့ရင်း
ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း
နားထဲမှာ ချိုမြနေတယ်…
အရုဏ်ဦးကနေ
ကြယ်ကလေးတွေ မြင်ရသည်အထိ
သဘာဝရဲ့ အလှတရားတွေကို
ကျွန်မ ခံစားနေမိတယ်….
ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ
ကျွန်မအတွက်
တောက်ပတဲ့နေ့ရက်တွေ
ရောက်လာတော့မယ်ဆိုတာ
ကျွန်မ သိနေခဲ့ပါတယ်…
သည်အခါမှာ
ကျွန်မတစ်ယောက်ထဲပဲ
ကျေနပ်စွာ ပြုံးနေလိုက်တယ်…
သည်အချိန်မှာ
နှင်းငွေ့တွေဟာ
ချစ်ခြင်းရနံ့တွေနှင့်
သင်းပျံ့စွာ
လှလို့ နေပါတော့တယ် သခင်ရယ်…

Leave a Reply

Your email address will not be published.