မြဝတီဦးစ (၁၇၆၆ – ၁၈၅၃) အတ္ထုပ္ပတ္တိ

manawphyulayDecember 1, 20101min01

ဦးစသည် အဖ အစုအမှုထမ်းမျိုး ဦးပေါက်ကျော်၊ အမိ မှူးမတ်မျိုး မငြိမ်းသာတို့၏ သားဖြစ်သည်။ စစ်ကိုင်းဇာတိ၊ မြန်မာသက္ကရာဇ် ၁၁၂၈ ခု သီတင်းကျွတ်လပြည့်ကျော် ဆယ်ရက်၊ အင်္ဂါသား ဖြစ်သည်။ အသက်နှစ်ဆယ် ပထမ အိမ်ထောင်ပျက်ပြီးသည့်နောက်တွင် နန်းတွင်းအမှုထမ်း ဆိုင်းဆရာ ဦးတလုတ်၏ ဝိုင်းတွင် ကြေးဝိုင်းတီးခဲ့သည်။ နောင်တွင် မင်းမှုထမ်းသည်။`ကုန္ဒာဝုဓ` ဇာတ် ရေးသောအဖွဲ့တွင် ပါဝင်သည်။ ထိုအခါမှစ၍ ဦးစအမည် ထင်ရှားသည်။ သီချင်းသံဆန်း ရေးရာ၌ ကျော်ကြားသည်။ အသက်လေးဆယ်တွင် ပြည်လုံးယူ လှေမှူး ရာထူး၊ အိမ်ရှေ့ အတွင်းဝန် ရာထူးတို့ကို ရသည်။ လေးဆယ့်ခုနစ်နှစ် အရွယ်တွင် မဏိပူရ ကသည်းစစ်တွင် ဝင်ရောက်တိုက်ခိုက်သည်။ နေမျိုးသီဟသူရဘွဲ့ကို ရသည်။ ဘကြီးတော် လက်ထက်တွင် ဝန်ကြီး ဖြစ်သည်။ ၁၈၂၄ ခု ပန်းဝါစစ်ပွဲတွင် မဟာသီဟသူရဘွဲ့ဖြင့် စစ်ကဲအဖြစ် ချီတက်တိုက်ခိုက်သည်။ ထို့နောက် မြဝတီမြို့ကိုစားရသည်။ ထိုအခါမှစ၍ မြဝတီ ဦးစဟု တွင်သည်။ သာယာဝတီမင်းလက်ထက်တွင် နန်းတွင်းရေး အရှုပ်အထွေးများကြောင့် ဦးစ အဖမ်းခံရသည်။ ထောင်သက် သုံးနှစ်အကြာတွင် ဦးစလွတ်သည်။ ပုဂံမင်းလက်ထက်တွင် ဆက်လက်အမှုထမ်းသည်။ မင်းတုန်းမင်းလက်ထက်တွင်  အသက် ရှစ်ဆယ့်ခြောက်နှစ်တွင် ကွယ်လွန်အနိစ္စရောက်သည်။
ဦးစသည် နန်းတွင်းဇာတ်တော်ကြီးများအပြင် ပတ်ပျိုး၊ ကြိုး၊ ယိုးဒယား၊ သီချင်းကြီး၊ သီချင်းခံ အများအပြားရေးခဲ့သည်။ စစ်ရေးစစ်ရာများတွင်လည်း ထက်မြက်စွာ ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ် မြန်မာ ပထမစစ်နှင့် ယင်းစစ်နောက်ပိုင်း မြန်မာ ဗြိတိသျှ ဆက်ဆံရေးကိစ္စများတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးစသည် မြန်မာမှု၊ အနုပညာ တေးဂီတများကို ထူးချွန်စွာ အားထုတ်ဆောင်ရွက်ခဲ့သလို ယိုးဒယား၊ မွန်၊ ဗရင်ဂျီတေးဂီတများကိုလည်း လေ့လာခဲ့သည်။ ထိုခေတ်မြန်မာနိုင်ငံရောက် အနောက်တိုင်းသားများ၏ လေးစားခြင်းကို ခံရသော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်ခဲ့လေသည်။

One comment

  • tunaung

    December 1, 2010 at 9:36 am

    ကောင်းပါသည်..ဆက်၍တင်ပေးပါ..အာပေးနေပါသည်…

    Reply

Leave a Reply

Your email address will not be published.