၂၀၁ဝ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo

True FaithOctober 8, 20101min01

နော်ဝေအခြေစိုက် နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က ၂၀၁ဝ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုကို တရုတ်အစိုးရ၏ အကျဉ်းချထားခြင်းခံနေရသည့် တရုတ်နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ လျူကျားပေါင် (Lui Xiaobo) အား ယနေ့ ပေးအပ်လိုက်သည်။

နော်ဝေ စံတော်ချိန် နံနက် ၁၁ နာရီတွင် ဆန်ကာတင်အဆင့် ရွေးချယ်ခံရသူ လူ ၂ ဦးနှင့် အသင်းအဖွဲ့ ၃ ဖွဲ့အနက်မှ လျူကျားပေါင်ကို နိုဗယ်ငြိမ်းချမ်းရေးဆု ပေးအပ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အချိန်ရှည်ကြာစွာ တိုက်ပွဲဝင်နေတဲ့အတွက် ဒီဆုကို ချီးမြင့်လိုက်တာပါ”ဟု နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

နောက်ဆုံး ဆန်ကာတင်စာရင်း ပါဝင်သူများမှာ လျူကျားပေါင်၊ အာဖဂန်နစ္စတန်မှ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး Dr. Sima Sama၊ အီတလီမှ အင်တာနက် မဂ္ဂဇင်း၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၊ စစ်ရာဇဝတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဆီးရီးယား အထူးတရားရုံးတို့ ဖြစ်သည်။

ဆုရွေးချယ်ရေးအဖွဲ့သည် ယခုနှစ်အတွက်ဆုပေးရန် လူပေါင်း ၁၉၉ ဦးနှင့် အဖွဲ့အစည်းပေါင်း ၃၈ ဖွဲ့တို့ကို ပဏာမ ရွေးချယ်ထားခဲ့သည်။

လျူသည် တရုတ်နိုင်ငံ ဂျီလင်ပြည်နယ် ချန်ချူးမြို့တွင် ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဂျီလင်တက္ကသိုလ်မှ ၁၉၈၂ ခုနှစ်တွင် စာပေ (ဝိဇ္ဇာဘွဲ့) ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ယင်းတက္ကသိုလ်မှပင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဘေဂျင်းတက္ကသိုလ်မှ စာပေဒေါက်တာဘွဲ့ ရရှိခဲ့ပြီးနောက် ကိုလံဘီယာ၊ နော်ဝေ၊ ဟာဝိုင်ရီ တက္ကသိုလ်များသို့ ပညာရှင်အဖြစ် လေ့လာရေး သွားရောက်ခဲ့သေးသည်။

တရုတ်နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် အသိပညာရှင်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူပေါင်း ၃၀၃ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် Charter 08 တွင် ပါဝင်ခဲ့သည့်အတွက် လျူကို တရုတ်အစိုးရက ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည့်။

ထို့နောက် လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်အစိုးရက လျူကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။ ထောင်ကျနေစဉ်ကာလအတွင်း ယခုလို နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၁၉၉၁ ခုနှစ်တွင် နိုဗယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုကို ဆီဒင်နိုင်ငံသား ဒိုင်းနမိုက်တီထွင်သူ အဲဖရက်နိုဗယ်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသူများအား ဆုချီးမြှင့်ရန် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၁၈၉၅ ခုနှစ်ကစတင်ကာ အခြားနိုဗယ်ဆုများနှင့်အတူ နှစ်စဉ်ပေးအပ်ခဲ့သည်။

One comment

  • True Faith

    October 8, 2010 at 1:42 pm

    ကိုးကားစာရင်း ဖော်ပြဖို့ မေ့သွားတယ်ဗျာ။ အချိန်မရတော့လို့ မနက်ဖြန်မှ ရေးပေးတော့မယ်။

    Reply

Leave a Reply

Your email address will not be published.