စစ်သားနှင့် ဥပဒေပြုခြင်း

smytu1996September 28, 20101min01

ထို့ကြောင့် အခြေခံဥပဒေကို လွှတ်တော်နှစ်ရပ်တွင် စစ်တပ်က ခန့်အပ်သည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ဖော်ဆောင်ရေး ဆိုသည့် အယူအဆအပေါ် အခြေခံ ရေးဆွဲခဲ့ပါသည်။ နိုင်ငံရေးပါတီ တခုက မဲအများစုဖြင့် အနိုင်ရရှိခဲ့သော ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမျိုး ထပ်မံ မပေါ်ပေါက်စေရန် လုပ်ဆောင်သည့် အစီအမံတခု ဖြစ်ပါသည်။

ကိုယ်စားလှယ်ပေါင်း ၄၄ဝ ရှိမည့် ပြည်သူ့လွှတ်တော်တွင် စစ်တပ်က နေရာပေါင်း ၁၁ဝ ယူထားသည်၊ ကိုယ်စားလှယ် ၂၂၄ နေရာရှိသော အမျိုးသားလွှတ်တော်တွင် ၅၆ နေရာ ရယူထားပါသည်။ ထို့အပြင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဥပဒေပြုလွှတ်တော်များနှင့် အဖွဲ့များတွင်လည်း အလားတူ ဝေစုကို ရယူထားပါသည်။ အခြေခံဥပဒေ ပုဒ်မ ၁၂၁ (ည) တွင် အစိုးရဝန်ထမ်းများ လွှတ်တော် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် တားမြစ်ထားသော်လည်း စစ်မှုထမ်းများကို ခြွင်းချက်ဖြင့် ခွင့်ပြုထားပါသည်။

လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသာ ရယူထားသော်လည်း စစ်တပ်သည် ဥပဒေပြုရေး လုပ်ငန်းများတွင် အဓိက အဟန့် အတား ပြုနိုင်ပါသည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင်လည်းကောင်း၊ ဥပဒေအသစ် တခုခုကို ပြဌာန်းလိုသည့် အခါတွင် လည်းကောင်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံ အတည်ပြုမှု ရရှိရန် လိုအပ်ပါသည်။

ထိုအခြေအနေတွင် ရာခိုင်နှုန်းပြည့် ညီညွှတ်နေသည့် တိုင်အောင် နိုင်ငံရေးပါတီတခုသည် လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ်များ၏ သဘော တူညီမှုမရဘဲ ဥပဒေတခုကို ပြဌာန်းနိုင်မည် မဟုတ်ပါ။ ဤသို့ဖြင့် နိုင်ငံရေး ပါတီများသည် စစ်တပ်နှင့် မဟာမိတ်ဖွဲ့ရန် သို့မဟုတ် အပေးအယူလုပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။

သို့ရာတွင် စစ်တပ်က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေ တခုခုကို အတည်ပြုလိုလျှင် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်မလို သို့မဟုတ် အတည်ပြုပေးရန်သာ ဖြစ်သည်ကို အခြေခံဥပဒေပုဒ်မ ၂ဝ (ခ) တွင် “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်” ဟု ပြဌာန်းထားသည်။

ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကိစ္စများ အတွက် လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များ ဖွဲ့စည်းသည့်အခါ စစ်တပ် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရန်နှင့် လုပ်ငန်းအပေါ် မူတည်၍ လိုအပ်မှသာ တခြား ကိုယ်စားလှယ်များ ထည့်သွင်းရန်ကို အခြေခံဥပဒေပုဒ်မ ၁၁၅ နှင့် ၁၄ရ တို့တွင် ဖော်ပြထားပါသည်။

One comment

  • michaelaungpu

    September 29, 2010 at 3:00 am

    ကျေးဇူးအများကြီးတင်ပါတယ်
    အခြားဥပဒေသုံးသပ်ချက်တွေကိုလည်း ဒီလိုဘဲ တိုးတိုနဲ ့ ရှင်းရှင်းလေး တင်ပေးပါဦး အဂတိကင်းကင်းလေးပေါ့ ဘယ်ဘက်မှမလိုက်တဲ့ သုံးသပ်ချက်ကလေးတွေပါ

    Reply

Leave a Reply

Your email address will not be published.