သာမန်ပြည်သူတယောက်

seinrluSeptember 26, 20101min01

သာမန်ပြည်သူတယောက်

သစ်ကောင်းအိမ်

စက်တင်ဘာ ၂၆၊ ၂၀၁၀

ဘယ်သူ့ဂရုစိုက်ရမှာလဲ

ငါတို့အခုရောက်နေတာ

အရက်သောက်ဖို့ နဲ့ စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့

ခေတ်ကြီး အခါကြီး သမယကြီဲး။

ဆင်ဖြူများရှင်ဖြစ်ရတာလည်း ဒုက္ခ

နိုဗယ်လ်ဆုရှင်ဖြစ်ရတာလည်း ဒုက္ခ

အတွင်းမှာ အပြောင်းအလဲတခုတော့ လိုအပ်နေပြီဗျ …

အဲဒါတော့ မင်းပြောမှလား နွားရဲ့

ဒီမှာလည်း အရေးတကြီး

ပေါင်းလက်စ မယားကို အသစ်လဲဖို့လိုနေတယ်

စီးလက်စ, ကားကို အသစ်လဲဖို့လိုနေတယ်

လေ ပါ တယ်

ခင်ဗျားကြီးဟာ အပူသက်သက်

ဒယ်အိုးတင်ပြီး ကြော်ရုံပဲ….

အသားတင်ပြီး ကင်ရုံပဲ….
အဲဒီမှာ စတွေ့ တာပဲ

ဘင်လာဒင်နဲ့ ချောစုခင်နဲ့

ဘုန်းကြီးရူးနဲ့ ဝိုင်းစုခိုင်သိန်းနဲ့

ဒီမယ် မိန်းကလေး

ငါ့ရင်ခွင်ကို မင်း ဝင်ချင်ဝင် ထွက်ချင်ထွက်

ဟိုသတ္တဝါ ရွေးကောက်ပွဲဝင်သလို မဝင်လေနဲ့ ….ဆိုတဲ့

တောပြဇာတ်ထဲက ဒိုင်ယာလော့နဲ့

ဥသဖတွေ များလွန်းလို့

ဘယ်နွားနောက်လိုက်ပြီး မြက်စားရမယ်မှန်းမသိတဲ့ လောကကြီးပါကွာ

အိုနာ ကျိုးကန်းကြီး

မြေခွေး အမြီးပြတ်ကြီး

သူ့အမြီးပြတ်နဲ့ သူ ယပ်ခတ်လို့ လေချွန်လို့

ဘုရားဖူးထွက်လို့ ချစ်ကြည်ရေးခရီးတွေ သွားလို့

ရဲရဲတောက် ကျွန်ုပ်တို့သည်လည်း

ဆိုင်ကယ် တဝီဝီ ကားတဝီဝီနဲ့

ဘယ်ကိုချီတက်နေသလဲ ရဲဘော်တို့

ဒီတချီ ညနေစောင်းပြန်တော့

ကမ္ဘာမကြေဘူး သီချင်းဟောင်းတပုဒ်နဲ့ပဲ

ဒီနှစ်ကိုလည်း ဒီအဖြစ်နဲ့ပဲ ခုခံကြပါဦးစို့။ ။

(၂၅. စက်တင်ဘာ.၂၀၁၀)

One comment

  • kopauk mandalay

    September 27, 2010 at 3:17 pm

    သေသော်မှတည်ဪကောင်း၏ တဲ့

    Reply

Leave a Reply

Your email address will not be published.