သိုးဆောင်း ကဗျာ

မိုးမလုံတဲ့ ကောင်ကင်တစ်ခုအောက်မှာ

အတွေးတွေကို

အကာတစ်ခုလို ကွယ်ရင်း

မိုးရာသီတစ်ချိန်လုံးကို ဖြတ်သန်းခဲ့ရတာ

တစ်ရာသီစာ ကုန်ပါလေရော။

မလုံလောက်တဲ့ တနပ်စာတွေကို

တဖဲ့ချင်း စားသုံးခဲ့တာလည်း

အဟာရ မပြည့်တဲ့ စိတ်ဓာတ်တွေနဲ့

အလွမ်းဒဏ်တွေ အန်တုရင်း

ဘဝတစ်ခု အသက် ဆက်ခဲ့ရတယ်။

ဘယ်သူမှ မသိသေးတဲ့

သိုးဆောင်း ကဗျာတစ်ပုဒ်ကို

အထပ်ထပ် ရေရွတ်နေခဲ့တာ

အဲဒီကဗျာလေးတောင် ဆွေးမြေ့နေပြီ။

ဟိုမကျ ဒီမကျ စကားလုံးတွေနဲ့

ကဗျာပုံစံခွက်ထဲကို အတင်း ထိုုးသိပ်ထည့်ရင်း

အနားသတ်မညီ၊ မျက်နှာပြင် မချောမွတ်တဲ့

လူမသိ၊ သူမသိ ကဗျာတစ်ပုဒ် ဖြစ်လာလေရဲ့။

သေချင်ပေမယ့် မသေရတဲ့

အဲဒီကဗျာတစ်ပုဒ်က

မျှော်လင့်ချက်မဲ့ကမ်းပါးလေး တစ်ခု ပေါ်မှာ

ငါနဲ့ အတူ……..။

Leave a Reply

Your email address will not be published.