ထောင့်တွေကလည်း ညီမနေဘူး

ko sixNovember 3, 20181min02

ပလပ်စတစ်ကောက်တတ်သူနဲ့
ကြွပ်ကြွပ်အိတ် မသုံးသူဟာ ထောင့်မညီဘူး။
ကြယ်မြင်လမြင်ခေါင်မိုးနဲ့
မြေညီထပ်အခန်းဟာ ထောင့်မညီဘူး။
ရွံ့စေးလမ်းနဲ့
နိုင်လွန်ကတ္တရာလမ်းဟာ ထောင့်မညီဘူး။
လက်လုပ်လက်စား ကြမ်းခင်းနဲ့
ခရိုနီမွေ့ယာဟာ ထောင့်မညီဘူး။
ငယ်ငယ်ကအိပ်မက်နဲ့
အနာဂတ်မျှော်စင်တွေဟာ ထောင့်မညီဘူး။
ရိုးရိုးကျင့်တာနဲ့
မြင့်မြင့်မှန်းတာဟာ ထောင့်မညီဘူး။
နိမ့်ချနေတာနဲ့
နိမ့်ကျနေတာဟာ ထောင့်မညီဘူး။
အချစ်ဆိုတာနဲ့
မေတ္တာတရားဆိုတာ ထောင့်မညီဘူး။
လာခြင်းဟာ
ပြန်ခြင်းနဲ့ ထောင့်မညီဘူး။
ဒီလိုပါပဲ
ထောင့်မညီဘူးဆိုတာကိုက
အနားတွေမှာပဲ အပြစ်ဖြစ်နေသလိုလို။
သက်သေပြတာတော့ မဟုတ်ပါဘူး။
တကယ်က
မင်းရပ်နေတဲ့ ပထဝီဝင်နဲ့
ငါရပ်နေတဲ့ ရေကြောမြေကြောတွေက
ထောင့်တွေညီမနေကြဘူးဆိုတာ
မင်းမြင်သွားရုံလေး နင်းပြလိုက်တာပါ။

ကိုစစ်

2 comments

  • Shar Thet Man

    November 6, 2018 at 2:35 pm

    အယ်လယ့်

    Reply

  • Thint Aye Yeik

    November 23, 2018 at 9:41 am

    ဒီကဗျာကတော့ ထောင့်တွေ ညီညာနေတယ်

    Reply

Leave a Reply

Your email address will not be published.