ရယ်ရအခက် ငိုရအခက်

Tawwin PanApril 27, 20161min03

ဟိုတနေ့က ကြည့်မြင်တိုင်မှာ ကလေးကို ဓါးစာခံလုပ်ပြီး သိန်း (၅၀) ယူသွားတဲ့သတင်းမှာ ရဲတွေကားနဲ့လိုက်တာတောင် မျက်ခြည်ပြတ်သွားတယ် ဆိုတဲ့ သတင်းကို ဖတ်မိပါတယ်။ အဲဒါနဲ့ အရင်တုန်းက တပည့်မတစ်ယောက်ကြုံဖူးတဲ့ အကြောင်းလေးကို ပြန်ပြီး သတိရသွားလို့ စာလေးဝင်ရေးပါဦးမယ်။

၂၀၀ရခုနှစ်ကလို့ ထင်ပါတယ်။ ထောက်ကြန့်ကနေ သင်တန်းလာတက်တဲ့ တပည့်မလေးတစ်ယောက်က အဲဒီနေ့က မနက် (၉)နာရီ တက်ရမယ့်အတန်းကို (၁၁)နာရီနီးနီးမှ ရောက်လာပါတယ်။ ဘာလို့နောက်ကျတာတုန်းမေးမလို့ရှိသေး…ဆရာမရယ် ရေလေးအရင်သောက်ပါရစေတဲ့…..ရင်တွေတုန်လွန်းလို့ပါဆိုတော့…ဟယ်..ဘာတွေဖြစ်ခဲ့တာလဲဆိုတာမေးမှ ဇာတ်လမ်းအကြောင်းစုံသိရပါတော့တယ်။

အဲဒီနေ့က မှော်ဘီကားသေးလေးနဲ့ သင်တန်းကိုလာတုန်း ခရေပင်လမ်းခွဲအရောက်မှာ မော်တော်ပီကယ်က ကားကိုလှမ်းတားတဲ့အချိန်  ကားကရပ်ပေးမလိုလိုနဲ့ အနားရောက်မှ တဟုန်ထိုးဆောင့်ထွက်ပြီး ထွက်ပြေးပါလေရောတဲ့။ မှော်ဘီကားသေးလေးတွေဆိုတော့ သိကြတဲ့အတိုင်း အမိုးပေါ်မှာ ထိုင်စီးတဲ့သူတွေနဲ့ ခြေနင်းခုံမှာ တွယ်စီးတဲ့သူတွေနဲ့ လူတွေအားလုံး  ကားအရှိန်ကြောင့် ကားပေါ်မှာ ဝရုန်းသုန်းကားဖြစ်ကုန်ကြပါလေရော။ အားလုံးကအချင်းချင်း တန်းကို သေချာကိုင်ဆိုပြီး သတိပေးနေကြပြီး ဘုရားတနေရပါတယ်တဲ့။ ကားသမားက အတင်းမောင်းပြေး..နောက်က မော်တော်ပီကယ်ကလည်း ကားတစ်စီးနဲ့လိုက်လာတာပါတဲ့…ရုပ်ရှင်တွေထဲကအတိုင်း ကားတွေအတင်းကျော်တက်နဲ့ ပတ်ပြေးရင်း နောက်ဆုံးတော့ ကွန်ပျူတာတက္ကသိုလ်ဝန်းထဲရောက်သွားမှ မလွတ်မှန်းသိတော့ ကားကိုထားပြီး ကားဆရာနဲ့ နောက်လိုက်ကထွက်ပြေးသွားပါတယ်တဲ့။

တပည့်မလေးကတော့ ဆရာမရယ် သမီးမှာ ဘုရားတနေရတာတဲ့..ပြီးတော့ ရယ်စရာတခုပြောပြဦးမယ်တဲ့…မနက်ပိုင်းရုံးတက်ချိန်ဆိုတော့ အားလုံးက ရှိုးနဲ့မိုးနဲ့ စတိုင်ထုတ်လာကြတာ..တကယ်တမ်း ကားက အရှိန်နဲ့မောင်းပြေးတော့ ဂျယ်ထောင်ထားတဲ့ဆံပင်တွေတောင် လေထဲမှာလွင့်နေတာကို သူ့မှာ ဘုရားတနေရတဲ့ကြားထဲကနေ ကြည့်ပြီးရယ်ချင်နေတာဆိုပြီးပြောပါတယ်။ ရယ်ရအခက် ငိုရအခက် ဆိုတဲ့စကားလိုကြုံခဲ့ရတာဆိုတော့ သူ့အတွက် အမှတ်တရပါတဲ့။ ကားရပ်တော့ လူအားလုံး ချွေးသံတရွဲရွဲနဲ့ပဲတောင်မများနိုင်ဘဲ တွေ့တဲ့နေရာမှာ ပစ်လှဲနေကြတာတဲ့…ဆယ်တန်းဖြေမယ့် ကလေးမလေးတစ်ယောက်ကတော့ ငိုလို့ပါတဲ့…………

ကားသမားနဲ့ နောက်ကလိုက်ဖမ်းတဲ့ ပီကယ်တွေ အရမ်းတော်ပါတယ်တဲ့။ သူတို့သာ ကားမောင်းမကျွမ်းရင် အားလုံး အသက်ပျောက်နေပြီလို့လည်း ဆိုပါတယ်။

အဲဒီကားသမားနဲ့ ပီကယ်တွေ ဖော်မြူလာဝမ်းပြိုင်ပွဲဝင်ပြိုင်လို့ ရနိုင်ကောင်းပါရဲ့နော်။

 

3 comments

  • kai

    April 28, 2016 at 4:07 am

    ဖရီးဝေးလမ်းတွေများလာ.. တိုင်းပြည်တိုးတက်လာရင်.. အဲလို ရဲနဲ့လိုက်တန်းပြေးတန်းကစားတဲ့ကားတွေများလာမှာပါ..။
    LA မှာဆို.. ခဏခဏ…။
    နောက်ပိုင်းများ.. ရဲကားတွေက.. မောင်းပြေးတဲ့ကားကို.. ဝင်တိုက်ပြီးကို ပိတ်ဖမ်းတာ..။
    အဲလိုအချိန်များဆို.. တီဗီစတေရှင်တွေအကြိုက်ပေ့ါ..။
    တခြားသတင်းတွေအကုန်ပစ်ချ.. ချော့ပါနဲ့.. ဝေဟင်သတင်းယူခြင်းလုပ်တာပေါ့…။

    https://www.youtube.com/watch?v=8P81fX28qSI

    Reply

  • Tawwin Pan

    May 2, 2016 at 11:33 am

    သဂျီးမှတ်တမ်းက ကော်နက်ရှင်မရလို့ ကြည့်လို့ရဘူးရယ်……….

    Reply

Leave a Reply

Your email address will not be published.