အခဲဒမစ် ပြဿနာ …

politicalviewAugust 23, 20101min02

ဒီကိစ္စကိုတော့ ကိုယ့်ဘာသာကိုယ် raised လုပ်တာပါ။ ဘာလို့လည်းဆိုတော့ ပျော်လို့ပါ။
Work experience တောင်းတိုင်း တစ်ခုတွေးမိတယ် …။ ထာဝရဘုရားတောင် work experience ရှိမှ ဘုရားဖြစ်မယ်ဆိုရင် ဘုရားတောင်ဖြစ်ခွင့်ရလိုက်မှာမဟုတ်ဘူး။ ဒီလိုပဲ သမ္မတတွေလည်း ဘယ်မှာလာပြီး သမ္မတ experience ရှိမှာလဲ။ အဲဒီလိုမတွေးတတ်တော့ ပညာတတ်တွေကို ပြောတယ် … ဘာမှမလုပ်ဖူးတဲ့ကောင်တွေတဲ့။

အဲဒီလိုပြောတဲ့လူတွေရဲ့ ၈၇.၉၉ ရာခိုင်နှုန်းဟာ ပညာကောင်းကောင်း မသင်ခဲ့ပဲ … အလုပ်ဖြစ်ရုံနည်းတွေနဲ့ အလုပ်အကိုင်အတွေ့အကြုံကလွဲရင် မြင့်မြင့်မားမား နားလည်နိုင်စွမ်းမရှိတဲ့ ခပ်ချာချာငနဲတွေပဲဖြစ်နေတတ်ပါတယ်။ တကယ်တော့ ကိုယ့်မိဘတွေတောင် ကိုယ့်ကို မမွေးခင်က မိဘ အဖြစ် experience ရှိတာမှမဟုတ်တာ ..။ဒါတောင် မိဘအဖြစ်ကောင်းကောင်းမွန်မွန် နေနိုင်သေးတာပဲမဟုတ်လား။

ရှင်းရှင်းပြောရရင်တော့ သင်လို့မတတ်နိုင်လောက်အောင်ဆိုတဲ့ အလုပ်ကလည်း မရှိသလောက်ပါပဲ။ Genius တွေလိုတဲ့နေရာမှာလုပ်နေတာမှမဟုတ်တာ။ ဘာတွေ မလုပ်နိုင်လောက်အောင်ခက်နေလို့ work experience ကြီးကို တခမ်းတနားပြောနေတာလဲမသိပါဘူး။ နေရာတစ်နေရာမှာ ဆယ်နှစ်တိတိလုပ်နေတယ်ဆိုတာ ပိုမတော်လာလို့လည်းဖြစ်နိုင်သေးတာပဲမဟုတ်လား။

ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ ဆိုတဲ့ဘဝမှာ … စိတ်ထဲမှာခိုင်ခိုင်မာမာ ယုံကြည်တာက ဘာမဆို ငါသင်ရင်တတ်မှာပဲဆိုတဲ့စိတ်ပါပဲ။ အလုပ်လုပ်ဖို့အတွက် မြန်မာပြည်မှာ သင်တန်းသုံးလတက်ပါတယ်။ သုံးလဆိုတာ တစ်ပါတ်ကို နှစ်ရက်လောက်တက်ခဲ့ရတာနဲ့ တစ်ရက်မှာ တစ်နာရီလောက်သင်ခဲ့ရတာဆိုတော့ အတော်ကြီးကို လေ့လာခဲ့တယ်လို့ပြောင်ချော်ချော်ပြော ရမလောက်ပါပဲ။ ဆိုလိုတာက အခြေခံက ဘာမှမခက်ဘူးဆိုတာကိုပါ။

အလုပ်ထဲမှာ သုံးလေးလကြာတဲ့အခါ သင်ထားတဲ့စာတွေက အလုပ်နဲ့သင့်တော်ရုံ စုစည်းမိသွားပါတယ်။ ကျောင်းစာလုပ်ရတယ်ဆိုတာ အချိန်ပြည့်လုပ်ရတာပါ။ ကျောင်းတက်ရတယ်။ စာကျက်ရတယ်။ စာမေးပွဲဖြေရတယ်။ အလုပ်လုပ်တယ်ဆိုတာကတော့ မသိတာလေးရှာဖတ်ရုံပါပဲ …။ အင်မတန်သက်သာပါတယ်။ ကျောင်းတက်တာနဲ့ယှဉ်ရင် အင်မတန့်အင်မတန် သက်သာပါတယ်။ ကျောင်းတက်နေရင်လည်း စိတ်ဖိစီးသလို အလုပ်လုပ်ရင်လည်း စိတ်ဖိစီးပါတယ် …။ စိတ်ချမ်းသာအောင်နေဖို့လိုတာချင်းလည်းအတူတူပါပဲ။

စာသင်တုန်းက ကျကျနနလေ့လာတတ်ခဲ့တဲ့လူတစ်ယောက်ဆိုရင် သူ့အကျင့်အတိုင်း မသိတာတစ်ခုကို ကျကျနနလေ့လာပြီး သိအောင်လုပ်လိုက်ရင် သိသွားမှာပါပဲ။ အလုပ်တစ်ခုလုပ်တာဟာ ထင်သလောက်မခက်ပါဘူး။ ပညာတတ်တွေဟာ ကိုယ့်တန်ဖိုးကို ကိုယ်သတ်မှတ်ကြတယ်။ work experience မရှိလို့ ဈေးမဆစ်ခင် ဈေးလျော့ပေးကြတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဦးနှောက်ရဲ့ တန်ကြေးကို ရအောင်ယူကြဖို့ပါ …။ ဒီလောက်စာတွေ အများကြီးဖတ်ခဲ့ကြတာဟာ ကိုယ့်ဦးနှောက်ဟာ အဆင့်မီတယ်ဆိုတာကို ပြခဲ့တဲ့ သက်သေကောင်းတွေပါပဲ။ ကျောင်းမှာ စာသင်နိုင်တဲ့သူဟာ အလုပ်မှာလည်း သင်ယူလေ့လာနိုင်စွမ်းရှိပါတယ်။ ကျောင်းမှာ assignment တွေကို deadline နဲ့ လုပ်ခဲ့ရသလို အလုပ်မှာလည်း လုပ်ရတာပါပဲ။ သဘောသဘာဝက သိပ်မကွာပါဘူး။ Adapt လုပ်ယူလို့ရပါတယ်။ ကျောင်းစာကို လေ့လာသလို အလုပ်နဲ့ပတ်သက်တာကို အချိန်ပေးရင် တစ်နှစ်အတွင်းမှာ Professional တစ်ယောက်ဖြစ်လာမှာပါပဲ။

ကျွန်တော်တို့တွေဟာ စာတွေသင်နေလို့ နောက်ကျကျန်နေတယ်လို့ ထင်နေတဲ့ လူငယ်တိုင်းကို အဲဒါဟာ မှားတဲ့အယူအဆဆိုတာကို ပြောပြရပါမယ်။ ဘွဲ့လေးတစ်ခုကလည်း တစ်ချိန်မှာ အရေးကြီးလာတတ်ပါတယ်။ ပညာရပ်တစ်ခုကို အကောင်းဆုံးတတ်မြောက်ပြီးတဲ့အခါ ဘွဲ့လေးတစ်ခုဟာလည်း ကိုယ့်အတွက် အထောက်အကူပြုလာပါတယ်။ ကျောင်းဘယ်နှနှစ်တက်ခဲ့သလဲဆိုတာကို အင်တာဗျူးတွေမှာမေးပါတယ်။ ကျောင်းကို ငါးနှစ်တက်ခဲ့ပြီးမှ ဘွဲ့ရခဲ့တယ်ဆိုတာဟာ တက်သုတ်ရိုက် ဘွဲ့ပေးလိုက်တဲ့ ဘွဲ့ထက်တော့ စကားပိုပြောပါလိမ့်မယ်။ ဒါတွေကို ပြောတာက အယူအဆမှားနေတာကိုတွေကို မဟုတ်မှန်းပြောချင်လို့ပါ။ ဘွဲ့တစ်ခုဟာ အရေးကြီးပါတယ်။ ဘယ်လိုဘွဲ့လဲဆိုတာကလည်း အရေးကြီးပါတယ်။

သင်တန်းတက်တာနဲ့ကိုယ်တိုင်လေ့လာတာနဲ့လည်းကွာပါတယ်။ ကျောင်းမှာတော်တဲ့ Top Student တစ်ယောက်ဟာ ပြဿနာတစ်ခုကို ချဉ်းကပ်တဲ့နေရာမှာ ဘယ်တော့မှ overlook မလုပ်ပါဘူး။ အဲဒီအကျင့်ရဖို့ သူတို့ဟာ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးသားဖြစ်နေပါပြီ။ System တစ်ခုကို ပြောလိုက်ရင် weak points ကို အလိုလိုစဉ်းစားတတ်ပါတယ်။ ဒါဟာ comon sense ကို အသုံးချခဲ့တဲ့ကျောင်းသားတွေအတွက်မခက်ပါဘူး။ ပထမဆုံးအလုပ်စလုပ်တဲ့နှစ်မှာပဲ နည်းနည်းကြိုးစားရပါတယ်။ နောက်ပိုင်းကြရင် အတော်လေးလွယ်ကူသွားပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယုံကြည်ဖို့ပါ။ မတတ်သေးတာကို သင်လို့မတတ်နိုင်ဘူးလို့ပြောတာမျိုးကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အခုအလုပ်တွေဆိုတာ အနုမြူဗုံးလုပ်နေတာမဟုတ်ပါဘူး။ တိုက်ချင်းပစ်ဒုံးကျည်ဆောက်နေတာလည်းမဟုတ်ပါဘူး။ သာမန်ဉာဏ်ရည်ရှိတဲ့လူတစ်ယောက် သင်လို့မတတ်တာမျိုးလည်းမဟုတ်ပါဘူး။ တချို့နေရာတွေမှာ မြန်မြန်ဆန်ဆန် pick up လုပ်နိုင်ဖို့ quick learner လိုတယ်လို့ရေးထားပါတယ်။ အချိန်ပေးရင် ဘာမဆိုကြိုးစားလုပ်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အထင်မသေးဖို့ပဲလိုပါတယ်။

ယောင် ၆ဝ လို့ပြောကြတာကြားဖူးပါတယ်။ အခုခြောက်ဆယ်တိတိရှိလားမရှိလားတော့မရေကြည့်ရသေးပါဘူး။ အခုတွေ့ရတာတော့ Certificates နဲ့ကျွမ်းကျင်မှုပြဿနာပါ။ ကျွမ်းကျင်လို့ Certificates ယူတယ်ဆိုတာက သဘာဝကျပါတယ်။ ကိုယ်တကယ်ကျွမ်းတာကို Certificate ကအပိုထောက်ခံပေးလိုက်သလိုဖြစ်ပါတယ်။ တကယ်သိဖို့က ပထမအရေးအကြီးဆုံးပါ။ ဟိုတစ်လောက Seminar မှာလည်း ကျွမ်းကျင်သူတွေဟာ certified ဖြစ်ရင်ပိုကောင်းတယ်လို့ပဲ Microsoft ရဲ့ consultant ကပြောသွားပါတယ်။ ဒါပေမယ့် certificate ရထားပြီးမကျွမ်းကျင်တဲ့သူကြတော့ ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ Certificate ပေါ်မူတည်ပြီး အလုပ်မှာ ရာထူးကွာပါတယ်။ ကိုယ်လျှောက်ရမယ့်ရာထူးနဲ့ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီရပါတယ်။ မကိုက်ညီတဲ့အခါကြရင် အလုပ်ရှာရတာပိုခက်ပါတယ်။ အဲဒါကို နားလည်ဖို့အရေးကြီးပါတယ်။ ပထမဆုံးကျွမ်းကျင်အောင်လုပ်ပါ။ ပြီးမှ Certificate ယူပါ။ ပြောင်းပြန်လုပ်လိုက်ရင် ငပေါဖြစ်သွားပါမယ်။ ဘာ project မှ မလုပ်ဖူးတဲ့ Java Architect ဆိုတာမျိုးတွေဖြစ်လာပါမယ်။ အဲဒါဟာ မကောင်းပါဘူး။ Certificate ကိုကြည့်ပြီးခန့်လိုက်လို့ တကယ်မလုပ်နိုင်ရင်လည်း အလုပ်ပြန်ပြုတ်နိုင်သေးတယ်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်။

နောက်တပ်တစ်ခုက ဘာလုပ်ချင်တာမှန်းမသိတာပါ။ တစ်ခုခုကို ကျွမ်းကျင်တာနဲ့ Jack of all trades နဲ့အကွာကြီးကွာပါတယ်။ ဘယ်အလုပ်ကိုလုပ်မှာလဲအရင်စဉ်းစားပါ။ ဘယ်လောက်ကျွမ်းကျင်အောင်လုပ်ထားမလဲဆိုတာကိုလည်း ပြင်ဆင်ထားပါ။ ကျောင်းက သင်လိုက်တာတွေကိုလည်း ကိုယ့်အတွက်လိုမယ်ထင်တာလေးတွေ ထပ်ဖြည့်ပြီးပေါင်းစပ်လိုက်ပါ။ အလုပ်လုပ်ရင်းလည်းလေ့လာသွားပါ။ ကိုယ်လုပ်ချင်တာနဲ့ ဖြစ်ချင်တာကို အမြဲမမေ့ဘဲ တဖြည်းဖြည်း လေ့လာဖြည့်ဆည်းသွားပါ။ အဲဒီလိုလုပ်နိုင်ရင် အခဲဒမစ် ပြဿနာတော်တော်များများဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်။

ကိုယ်လုပ်တဲ့ အလုပ်ဟာ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့အရည်အချင်းကို အကောင်းဆုံးဖော်ပြနိုင်ရမယ်ဆိုတဲ့ မဟာမြိုင်ဆရာတော်ရဲ့စကားကို ငယ်ကတည်းကသိပ်ကြိုက်ပါတယ်။ အသိတွေရဲ့ ဆိုင်တွေမှာ ကပ်ထားဖို့လည်း print out ထုတ်ပေးဖူးပါတယ်။ တကယ်တော့ အလုပ်ဟာ ဘဝမှာ အချိန်အများဆုံးသုံးလိုက်ရတဲ့နေရာဖြစ်ပါတယ်။ အဲဒီလိုဘဝရဲ့ သိပ်ကို အရေးကြီးတဲ့နေရာကပါဝင်နေတဲ့အလုပ်ကို ရွေးချယ်တဲ့အခါ စိတ်ချမ်းသာဖို့ကိုလည်း ထည့်တွေးဖို့လိုပါတယ်။ လူတွေဟာ ငတ်နေရင်တောင် သိပ်ပြဿနာမရှိဘူး … အစာကိုမရမကရှာတာပဲရှိတယ် …..။ စိတ်ဓာတ်ကျနေရင်သာ သတ်သေကြတယ်။ ဆိုလိုတာက အလုပ်မှာ စိတ်ပင်ပန်းလွန်းရင် တွက်ခြေမကိုက်ပါဘူး။ ငွေကလွဲပြီး ဘာမှမရတဲ့အလုပ်ကို လုပ်နေရရင် ကိုယ့်ဘဝကို ဘာမှန်းမသိတော့ဘူး။ အဲဒါကြောင့် အလုပ်ကို ကိုယ်ပျော်တာပဲ လုပ်ဖို့ကြိုးစားပါ။ မပျော်တာလုပ်ရင် အသက်တိုပါမယ်။ နောက်တစ်ခုက သဘောထားမှန်ဖို့ကြိုးစားပါ။ ဒါတွေကို သေချာစဉ်းစားပြီးလုပ်နိုင်ရင် အလုပ်အကိုင်အတွေ့အကြုံဆိုတာ ဘာမှသိပ်အရေးမကြီးဘူးဆိုတာသိလာပါလိမ့်မယ်။

အားလုံးကိုပြန်ချုံ့ရင် သုံးချက်ပဲရျိပါတယ်။
၁။ပညာတတ်တွေဟာ ပညာနဲ့လုပ်ရတဲ့ ဘယ်အလုပ်မှာမဆိုသင့်တော်တယ်။
၂။ သင်ရင်တတ်တယ်။
၃။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။

ဒီပို့စ်ကိုရေးရတာက ကိုယ်ချင်းစာလို့ပါ။ အသက် ၂၅ နှစ်လောက်အထိ ကျောင်းတက်နေတဲ့သူတွေမှာ အလုပ်လုပ်ဖို့အချိန်သိပ်မရကြပါဘူး။ အဲဒါကို weak points အနေနဲ့ပြောတဲ့သူတွေများလို့ အခဲဒမစ် (academic) ပြဿနာကိုရေးလိုက်ပါတယ်။ ကျောင်းပြီးလို့ တခြားတစ်နိုင်ငံမှာ အလုပ်ထွက်ရှာမယ့် လူငယ်တွေကိုလည်း အားပေးချင်ပါတယ်။ ထိုင်နေရင်းအလုပ်ဖြစ်သွားတာ တောင်းစားတဲ့သူနဲ့ ဥဝပ်နေတဲ့ ကြက်မပဲရှိပါတယ်။ ဘာမှမလုပ်တာထက် လုပ်ကြည့်တာက Chance ပိုရှိပါတယ်။ Opportunity doesn’t knock the same door ဆိုတာကိုသိရင် အိမ်တွေများများပြောင်းမှ များများအခေါက်ခံရမယ်ဆိုတာကိုလည်း သိပါလိမ့်မယ်။ ဘာမဟုတ်တဲ့သူတွေပြောတာနားမယောင်ပါနဲ့ ….။ ဘုရားမပွင့်ခင်ကတင် ကိုယ့်ကိုယ်ကို ဘုရားထင်နေတဲ့ဆရာကြီးက ခြောက်ယောက်ရှိနေပြီဆိုတာလည်း မမေ့ပါနဲ့။

ကိုယ့်ဘာသာကိုယ်သေချာစဉ်းစားပါ။ လူတိုင်းဟာကိုယ်မျှော်လင့်တာထက်ပိုပြီးဖြစ်လာစရာမရှိပါဘူး။
Think Before You Speak,
Look Before You Leap ဆိုတာလေးကို သုံးသပ်ပြီး Speak ပါ Leap ပါလို့ပဲ အကြံပေးချင်ပါတယ်။ ကြယ်တွေဆီသွားချင်တဲ့သူဟာ ကြိုးစားပြီးသွားရင်ကြယ်တွေဆီမရောက်တောင် ရွံ့ဗွက်ထဲကတော့လွတ်ပါတယ်။ ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာတာဝန်ယူလိုက်တာဟာ တာဝန်ကျေတဲ့သူတစ်ယောက်ဖြစ်စေပါတယ်။ ကိုယ်ဟာ ဝန်ထုပ်ဝန်ပိုးလိုလူမဖြစ်စေရဘူး …။ မိသားစုအတွက်လည်း အားကိုးရတဲ့သူမျိုး …သူငယ်ချင်းမိတ်ဆွေတွေအတွက်လည်း အသုံးကျတဲ့သူမျိုး … ဆရာအောင်သင်းစကားနဲ့ဆိုရင် မိဘထက် တစ်ဆင့်မြင့်တဲ့သား၊သမီးဖြစ်အောင်ကြိုးစားဖို့တာဝန်ပေါ့ … အဲဒါတွေကို ကျေဖို့လိုပါသေးတယ်။ ဆရာအောင်သင်းစကားထဲမှာ သိပ်ကြိုက်တာတစ်ခုကို ကိုးကားချင်ပါသေးတယ်။ သစ်သားကို သံရိုက်လိုက်ရင် ဒိုင်းခနဲဝင်သွားတာ သစ်သားက ဖယ်ချင်လို့ဖယ်ပေးလိုက်တာမဟုတ်ဘူး ။ ပိုမာတဲ့ကောင်က နေရာယူသွားတာဆိုတာပါပဲ။ စင်ကာပူမှာတော့ သစ်သားတွေပေါင်းပြီး သံချောင်းတွေကို အလုပ်များများမပေးဖို့ ရယ်စရာကောင်းတဲ့ အဆိုတွေပြုပါတယ်။ သေချာတာကတော့ သံချောင်းတစ်ချောင်းဟာ သစ်သားတွေရှိတဲ့အရပ်မှာ နေရာတစ်နေရာကို ရဖို့ဘာမှမခဲယဉ်းဘူးဆိုတာပါပဲ ….။ နောက်ဆုံးပြောချင်တာကတော့ နစ်ရှေးရဲ့စကားပါ။ “မတော်သူသေ” … အဲဒါပါပဲ …။ မတော်တဲ့သူရဲ့ အခန်းက ၂၁ ရာစုမှာ ဆက်ပြီးပါမလာတော့ပါဘူး။ ပညာခေတ်မှာ ပညာတတ်တွေကခေတ်ကို ဦးဆောင်ပြီး ပိုကောင်းတဲ့ကမာ္ဘ၊ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြပါမယ် …။ မတော်တဲ့သူသေနေတဲ့ လူ့အဖွဲ့အစည်းထဲမှာ အသေတွေစုနေတဲ့အရပ်ကနေ ဝေးစွာနေခြင်းသည်ပင်လျှင် မင်္ဂလာတစ်ပါး မဟုတ်ပါလားခင်မျာ။ ။

ခင်မင်စွာဖြင့်
Zephyr
(Work Experience ဆန့်ကျင်ရေးသမားနှင့် Recruitment သတင်းစာမှ Singapore Only စာလုံးများကို ဖယ်ရှားချင်သူ)

2 comments

  • yannaingech

    August 23, 2010 at 4:00 pm

    Experience can give a great deal of help in learning or education. But, experience without education can’t push a person’s life to it’s upper boundary. (I think!)

    Reply

  • zawana

    August 24, 2010 at 6:38 am

    ပြည်တွင်းမှာလည်း ဒီပြဿနာပါပဲ …. အလုပ်အကိုင် ရှားပါးတော့ လုပ်ငန်းရှင်တွေက စိတ်ကြိုက် ခေါင်းခေါက် ရွေးနေကြတာပါ။
    အချို့ နိုင်ငံတွေမှာဆို ကျောင်းမပြီးခင် ကတည်းက အလုပ်က အဆင်သင့် ရှိနေပြီ။
    အဓိကကတော့ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ပါပဲ။ တကယ်တတ်ဖို့တော့ လိုအပ်မှာပါ။ ကျောင်းတွေကလည်း တကယ်တတ်အောင် သင်ပေး သင့်ပါတယ်။
    ဘွဲ့တစ်ခုတော့ ရလိုက်ပါရဲ့။ စာတွေအားလုံးကို အက်ဆေးကအစ အလွတ်ကျက်ဖြေခဲ့တယ် ဆိုရင်တော့ …. သေချာတယ် ….. အဲဒီလူမျိုး ဘယ်နေရာမှာသွားသုံးရမလဲ။
    လုပ်ငန်းရှင်တွေဘက်ကလည်း တန်းခိုင်းလို့ ရတဲ့ လူမျိုးကို လိုချင်ကြတာကိုး …. အချိန်ယူပြီး သင်ပေးမနေချင်ဘူးလေ။
    ကိုယ်ပိုင် အရည်အချင်း တစ်ခုခုရှိရင် ဒီခေတ်မှာ အလုပ် မရှားပါဘူး ။
    အရည်အချင်း မရှိတဲ့ လူတွေ များလေလေ အရည်အချင်းရှိတဲ့ လူတွေက နေရာပိုရလေလေ ဖြစ်မှာပါ။

    Reply

Leave a Reply

Your email address will not be published.