ရွှေချိန်ခွင်နှင့် လယ်တီဆရာတော်(အပိုင်း-၄)

Good IdeaAugust 18, 20101min00

ရွှေချိန်ခွင်အဆို

၇- (က) ဗုဒ္ဓဘာသာ၌ ဘုရားအစဉ်မရှိ၊ တရားကိုကျင့်မှ ဖြစ်သည်၊
နောက် နိဗ္ဗာန်ဝင်၍ ပျက်စီးပြန်သည်ဟု ဆို၏ ။

(ခ) ပဌမဗုဒ္ဓ ကျင့်သောတရားကို အဘယ်သူ ထားခဲ့သနည်း၊
ကျင့်သည်အခါ ဘယ်ဘုရားထံ ဆုတောင်းပါ သနည်းဟု-မေးစရာရှိ၏၊

ပဌမဗုဒ္ဓသည် အဦးဆုံးဖြစ်၍ သူ့အထက်ကပေါက်သော ဗုဒ္ဓမရှိသေးသောကြောင့် မပေါက်ဘဲ နိစ္စထာဝရတည်နေသော မြတ်စွာဘုရား၏ တရားတော်ကို ကျင့်သည်၊ ထိုဘုရားထံ ဆုတောင်း သည် ဟု သိသင့်၏၊
ထိုနှင့်ပေါက်ရသော ဗုဒ္ဓသည် သမ္မာသမ္ဗု မဟုတ်၊
သုတဗုဒ္ဓ သက်သက်ဖြစ်၏။

ဆရာတော်ရှင်းလင်းချက်

ဤစကားကိုလည်း ဦးစောလှဖြူသည် ဗုဒ္ဓဘာသာတရား ကျမ်းဂန်နှင့် အနားအနီးမျှ မသီဘူးသောကြောင့် စကားဖြစ်ရသည်။ ဗုဒ္ဓဘာသာတရားကျမ်းဂန်နှင့် သီဘူးလျှင် စကားဖြစ်ဖွယ်မရှိ ။

အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော – ဟူသော ဒေသနာတော်မြတ်နှင့် အညီ သံသရာလည်း အစမရှိ ကမ္ဘာလည်း အစမရှိ သတ္တဝါလည်း အစမရှိ ဘုရားလည်း အစမရှိသည်ဖြစ်၍ အဘယ်မှာ “ ပဌမဗုဒ္ဓ-အဦးဆုံးဖြစ်သော ဘုရား ” ဟူ၍ ရှိပါအံ့နည်း ။

အဦးဆုံးဖြစ်သော ဘုရားဟူ၍ မရှိခဲ့သော်။ ။
ဘုရားဖြစ်အောင် ကျင့်သော တရားလည်း လောက၌ အလျဉ်မပြတ်၊ ဆုတောင်းရန် ဘုရားလည်း အလျဉ်မပြတ်သည်ဖြစ်၍ ထာဝရဘုရား ဝင်စရာ အကွက်ပင် မရှိ၊ ထာဝရဘုရားထံလည်း ဆုတောင်းဖွယ် မရှိ။

ရှေးရှေးသော ဘုရားတို့ထံ၌ ဆုတောင်း၍ ဖြစ်ရသော ဘုရားပင်ဖြစ်သော်လည်း။ နောက်ဆုံးဘဝ၌မူကား ဆရာဟူ၍ မရှိဘဲ မိမိအလိုလို ကိုယ်တိုင်လည်းသိသည် အကြွင်းအကျန်မရှိလည်း သိသည်ဖြစ်၍ သမ္မာသမ္ဗုဒ္ဓသည်သာ ဧကန်စင်စစ်ဖြစ်၏၊ သုတဗုဒ္ဓ မဖြစ်လေ။

သတ္တမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏။

ရွှေချိန်ခွင်အဆို

၈- (က) ပဌမသတ္တဝါနှင့် တိရစ္ဆာန်တို့ အဘယ်ကဖြစ်သနည်း မေးလျှင် ကံကြောင့် ဖြစ်သည်ဟု ဗုဒ္ဓဘာသာက ဆို၏။

(ခ) အထက်ကဖြစ်သော ဘဝမရှိသေးသောကြောင့် ကံကို မလုပ်ရသေး၍ ကံမရှိနိုင်၊ ကံမရှိလျှင် ကံကြောင့်ဖြစ်သည်ဟုဆိုသော အယူူဝါဒမမှန်ဟု သိရ၏ ။

ဆရာတော်ရှင်းလင်းချက်

ရှေး၌ ဆိုခဲ့ပြီးသောအတိုင်း သံသရာလည်း အစမရှိ ကမ္ဘာလည်း အစမရှိ တစ်ယောက်တစ်ယောက်သော သတ္တဝါလည်း အစမရှိ ကံလည်း အစမရှိသည်သာဖြစ်၍ ဦးစောလှဖြူစကား၌ “အထက်က ဖြစ်ဘူးသော ဘဝမရှိသေး-ဟူသောစကား ကံကိုမလုပ်ရသေးဟူသော စကား ” များသည် ရယ်ဖွယ်သာဖြစ်၏။

(အဋ္ဌမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။)

ရွှေချိန်ခွင် အဆို

၉ – (က) ထာဝရဘုရားမရှိလျှင် ကမ္ဘာဦးသူများသည် အလင်းကို အဘယ်သူ့ထံ တောင့်တသနည်း။

(ခ) တောင့်တသည့်အတိုင်း နေကို အဘယ်သူ ပေးတော်မူပါသနည်း။

(ဂ) ကမ္ဘာဦးက ဘယ်သူမျှ မရှိသေးသောကြောင့် ထာဝရဘုရား ပေးတော်မူသည်ဟု သိသင့်၏။

ဆရာတော် ရှင်းလင်းချက်

ရှေးရှေးသော ကမ္ဘာအဆက်ဆက်တို့ကပြုခဲ့သော ကံတွေများစွာ ရှိသော ကမ္ဘာဦးသူတို့အား စိတ်နှင့်နှုတ်နှင့် တ-သ-လိုက်လျှင်ပင် အများတကာ ကံတွေကြောင့် နေ လ နက္ခတ် တာရာတို့သည် ပေါ်လာမြဲဓမ္မတာ ဖြစ်လေရကား အလင်းကို အဘယ်သူ့ထံ ခ-ခ-စားစားတောင့်တရတော့အံ့နည်း၊

ထိုုသတ္တဝါတို့ ရှေးရှေးကမ္ဘာ အဆက်ဆက်က ပြုခဲ့သော ကံတရား ထင်ရှားရှိလေပြီဖြစ်သောကြောင့် ကမ္ဘာဦးအခါ၌ ထာဝရဘုရားကို အသုံးချရန် အကွက်မရှိပြီ။

( နဝမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏ ။)

ကျမ်းကိုး-
လယ်တီဆရာတော်
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ
(နှာ- ၁၁၄, ၁၁၅, ၁၁၆, )

ထေရဝါဒ တို့တိုင်းပြည်ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published.