အိပ်မက်ရဲ့ အဖြေ….

hmeeAugust 15, 20141min024

အိပ်မက်ရဲ့အဖြေ

ညက အိပ်မက်မက်သည်။ ကြောက်စရာလည်းမကောင်းပါ။

ထမင်းလုံး တစ္ဆေကဲ့သို့ အမြင့်ကြီးက ပြုတ်ကျသလို ရင်ထဲ တလှပ်လှပ်လည်း ဖြစ်မနေ။

သို့ပေမဲ့ ကျွန်မ တုန်လှုပ်နေတာတော့ အမှန်။ အိပ်မက်က လန့်နိုးတိုင်း ပါးပြင်မှာ မျက်ရည်စီးကြောင်းတွေနှင့်။ တပုံစံတည်း မကြာမကြာမက်တတ်သည်မို့ ကျွန်မအတွက် အလွတ်တောင် ရနေသည့် အိပ်မက်။

အမရယ် အငယ်လေးကို ခါးတစ်ခွင်ကာ အလတ်မကို လက်ကဆွဲလျှက် ကျွန်မရှေ့မှာ အမြဲလာလာရပ်သည်။ မျက်နှာသည် ဝမ်းနည်းနေသယောင်ယောင်။ ကျွန်မကို သေချာ ငေးကြည့်နေပြီး ဆတ်ခနဲ နောက်လှည့်ကာ တရွေ့ရွေ့ ထွက်သွားလေသည်။ ကျွန်မ ဘယ်လိုပင် ခေါ်ခေါ် လှည့်မကြည့်တော့ပါ။

ကျွန်မမှာ အမ လှည့်ကြည့်လေမလားလို့ အခါခါခေါ်ရင်း နောက်ဆုံး အသံတွေတုန်ကာ အမြဲ ငိုမိသည်။ ကျွန်မ ဝမ်းနည်းလွန်းရျ်ဖြစ်မည် တခါတခါ ကျွန်မခေါ်သံများကို အပြင်သို့ ထွက်သွားတတ်သေးသည်။

အိပ်ရာက လန့်နိုးလာတော့ ရင်ထဲမှာ မွန်းကြပ်လွန်း၍ မောနေသည်။ အမြဲ ပြတင်းပေါက် ထဖွင့်ခဲ့ရသည်။ ပြီးလျှင် အိပ်မပျော်တော့ချေ။

ကျွန်မ စွဲလန်းလွန်း၍လား မသိနိုင်ချေ။

အမနဲ့ ကျွန်မ စရင်းနှီတော့ ကျွန်မ ငါးတန်း။ ဆယ်နှစ်သမီးအရွယ်။ အဲ့တုန်းက အမမှာ ဖိုးကျော်ဆိုသော သားတယောက်သာရှိသေးသည်။

ဖိုးကျော်သည် ၄နှစ်အရွယ်သာ။ လေးတန်းအောင်၍ ၅တန်း စတက်တော့ အမတို့ အိမ်က တက်ရသည်။

ကျွန်မဘဝရဲ့ ကလေးဘဝ အားလုံး အမနှင့်သာ ကုန်ဆုံးခဲ့ရသည်။ ၅တန်း၊ ၆တန်း၊ ရတန်း။ ရတန်းမှာ အရေးအခင်းဖြစ်တော့ အမတို့ သားအမိ ကျွန်မတို့ အိမ်ကို လိုက်နေကြသည်။ နောက် ကျောင်းပြန်ဖွင့်တော့ အမတို့ အိမ်မှာပင် ရတန်းအောင်။ ၈တန်း၊ ၉တန်း ၊ ၁ဝတန်းကို အမေ့အမ ကျွန်မကြီးတော်ကြီးအိမ်မှာ အောင်ခဲ့ပြီး တက္ကသိုလ်စတက်ချိန်မှာ အမတို့ အိမ်နားကို ကျွန်မ ပြန်ရောက်ခဲ့သည်။

အမတို့ အိမ်နားမှာ အိမ်ဝယ်လိုက်သောကြောင့်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသူကျွန်မကို သူအတော်အားကျတာ သိသာသည်။

မှတ်မှတ်ရရ ဖိုးကျော် ဆယ်တန်း။ ချဲရောင်းတာတွေ ခောတ်စားတော့ အပိုဝင်ငွေရအောင် သူတတ်သလောက် ကော်မရှင်စားရောင်းသည်။

တရက်မှာ အမတယောက် ကျွန်မကို လာရှာခဲ့သည်။ ဖိုးကျော် ပြသနာဖြစ်လေပြီလေ။ ဒိုင်၏ညစ်ခြင်းကို ဖိုးကျော်ရော အမပါ မဖြေရှင်းနိုင်။

အမ မျက်နှာငယ်လေးနှင့် ကျွန်မလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပုံက သနားစရာ။ ဖိုးကျော်လည်း သူ့ဇာတ်ကို သူနိုင်အောင် မကနိုင်။ ကျွန်မရောက်သွားတော့မှ နှစ်ဦးနှစ်ဖက်ကို အသေအချာ အကျိုးအကြောင်းစုံလင်စွာမေးမှ ဒိုင်ရဲ့ ဟာကွက်ပေါ်လာကာ ဒိုင်ညစ်တာပေါ်တော့သည်။

ဒိုင်လည်း သူ့အမှားမို့ ထပ်မငြင်းရဲ။

ဘာမှ မဟုတ်တာလေးကို ဖြေရှင်းခဲ့နိုင်တာကို အမမှာ အပြန်လမ်းတလျှောက်လုံး ကျွန်မကို ကြည့်တဲ့ အကြည့်ကို ကျွန်မအခုထိ မမေ့နိုင်ပါ။

အထင်ကြီး အားကိုးတဲ့ အကြည့်မို့ မျက်လုံးတွေများ အရောင်တောက်လို့။

အဲ့နောက်ပိုင်း ပိုပြီး အကျွမ်းတဝင်ဖြစ်ကာ ပိုတွယ်တာလာသလား။ နောက်ပိုင်း အလတ်မလေး ကိုယ်ဝန်ကြီးလွယ်ကာ ကျွန်မတို့အိမ်ကို ကူးကောင်းတုန်း။ မိုးတွင်းကြီး ကျွန်မတို့ မောင်နှမတွေ တအိမ်လုံး တုတ်ကွေးတော့ အမတယောက် ဒုက္ခခံကာ ပြုစုခဲ့သေးသည်။

မိစုကလေး မွေးလာတော့ ကလေးချစ်သော ကျွန်မတို့ အိမ်က ပြန်ရတယ်မရှိ။ အမနဲ့သာ ကျွမ်းဝင်ပေမဲ့ အမြဲ အလုပ်များကာ အိမ်မှာ မရှိသည်ကများသော အမယောက်ကျားနှင့်တော့ မေးထူးခေါ်ပြောသာ။

အသက် ၄ဝကျော်မှ အငယ်ဆုံးကလေးကို ကိုယ်ဝန်ဆောင်တော့ အမခမျှာ ပင်ပန်းရှာသည်။

ည ၁၁နာရီလောက် ဗိုက်နာလာတော့ ကျွန်မပဲ ဆေးရုံပို့ပေးကာ စောင့်ခဲ့ရသည်။ မနက် ၈နာရီလောက်မှာ သားယောက်ကျားလေး မွေးခဲ့သည်။

ဆေးရုံက ဆင်းပြီးနောက်ပိုင်း အမရဲ့ ကျန်းမာရေးမကောင်းဘူး။ သားလေး ၆လမှာ အမတယောက် မပြန်လမ်းကို ထွက်သွားပါတော့သည်။

ကလေးတွေကို ကျွန်မထံ အပ်ခဲ့သည်။

အမမရှိတော့မှ အမ အကြောင်းပိုသိလာသည်။ ဆက်ဆံဖို့ ခက်ခဲတဲ့ လူ့ဂွစာ သူ့ယောက်ကျားနှင့် ကျွန်မတို့ကြား ဘယ်လို သံတမန်လုပ်ခဲ့တာပေါ်လာခဲ့သည်။ ကလေးတွေကို အမြင်မတော်၍ ဆုံးမတိုင်း ကျွန်မတို့နှင့် ပြသနာဖြစ်တော့သည်။

သူနှင့်သာဆို ဆုံးမပဲ့ပြင်မှု မရှိ၍ ကြာလျှင်ကလေးတွေ ပျက်ချေရော့မည်။ တခြားတခြားသော အကြောင်းအရာများပေါင်းများစွာနှင့် ကြုံကာ အမတို့ခြံနှင့် ကျွန်မတို့ ခြံကြား မလွယ်ပေါက်သည် အုတ်တံတိုင်း ဖြစ်သွားခဲ့လေပြီ။ သို့ပေမဲ့ အမှတ်မရှိသော ကလေးများက အရှေ့ပေါက်မှ လာကြသည်။

ကျွန်မတို့ကလည်း အမှတ်မရှိစွာ အမြင်မတော်တိုင်း ပြောမိတတ်သေးသည်။

အမယောက်ကျားနှင့်တော့ လမ်းမှာ မတော်တဆ ဆုံလျှင်သော်မှ မနှုတ်ဆက်ဖြစ်ချေ။ သူတို့အိမ်နှင့် ကျွန်မတို့ အိမ်သည် အမ မရှိကတည်းက တစိမ်းပြင်ပြင်။ တခါတခါ ယောင်ယောင်လေး တွေးမိသေးသည်။ ကျွန်မတို့ အဖြစ်ကို အမများ တနေရာက ကြည့်နေကာ စိတ်မကောင်းဖြစ်နေသလားပေါ့။

ကျွန်မအိမ်ထောင်ကျတော့ ကလေးတွေနှင့် ပိုဝေးသွားသည်။

အိမ်ကို အလည် ပြန်သွားတိုင်း ကျွန်မ စကားပြောသံ ကြားလျှင် ကလေးတွေက အုတ်တံတိုင်းနား ကပ်ကာ “မွန်မွန် ရောက်နေလား” လို့ လာမေးတတ်သည်။ ကျွန်မရောက်နေမှန်းသိလျှင် အိမ်ရှေ့ဘက်မှ ရောက်လာတတ်ကြသည်။

အမေမရှိသော ကလေးတွေမို့ နွမ်းဖတ်ဖတ်နှင့်။ ဖိုးကျော်ကတော့ သူ့အိမ်ထောင်နှင့် အဝေးမှာမို့ မတွေ့ဖြစ်တော့ချေ။ အလတ်မကတော့ ယောက်ကျားပုံစံ။ မသိသူများဆို ယောက်ကျားလေးသာ ထင်ကြမည်။ သူ့အမေသာရှိလျှင် သည်လို အဖြစ်ခံမည်မဟုတ်ဟု တွေးကာ စိတ်မကောင်းရုံသာ။ အငယ်လေးက အဆိုးဆုံး။ လာလိုက်တိုင်း တခါမှ သတ်သတ်ရပ်ရပ်မရှိ။ မျက်နှာတွေ ပေတူးတူး၊ အကျီင်္ တွေ ဂျီးအထပ်ထပ်။ သိပ်သန့်သော ကလေးတွေကို သနပ်ခါးဖွေးနေအောင် ခြေအဆုံး ခေါင်းအဆုံး လူးပေးတတ်သော အမကို ပိုသတိရစေသည်။

ကျွန်မ ဘာမှ မတတ်နိုင်။ မုန့်ဖိုးလေးပေးရုံထက် ပိုမကြည့်နိုင်လို့ စိတ်မကောင်းပေ။

တခါတခါ တော်တော် မြင်မကောင်း၍ အငယ်မတွေက ဆူဆူပူပူလုပ်ကာ မနေနိုင်မထိုင်နိုင် ချေး ချွတ်လွှတ်လိုက်ကြသေးသည်။

ဒါကလည်း တခါတလေမို့ များသောအားဖြင့် ပေတူးနေတာသာများသည်။ ကလေးခြင်းအတူတူ ကျွန်မသားလေး မျက်ဝန်းတောက်ပပုံနှင့် အငယ်လေး မျက်ဝန်းအရောင် ကွာခြားလှပေသည်။ အငယ်လေးကို မြင်တိုင်း ကျွန်မ အမြဲ စိတ်မကောင်းဖြစ်ရသည်။

ကျွန်မတယောက် မိဘအိမ်ကို အလည်သွားပြီး ပြန်လာတိုင်း အိပ်မက်မက်သည်။ အမြဲတပုံစံတည်း။ အိပ်မက်ထဲတွင် ကလေးနှစ်ယောက်သည် အခုအရွယ်မဟုတ်ပဲ အမထွက်သွားစက အရွယ်ထက် ဘယ်တော့မှ မကြီးချေ။ အမတယောက် ကျွန်မကို တခုခုများ ပြောချင်နေသလား။ ဒါမှမဟုတ် တောင်းပန်ချင်တာလား။

အိပ်မက်က လန့်နိုးတိုင်း အမြဲ အမမျက်နှာရဲ့ အဖြေကို စဉ်းစားရင်း ငိုခဲ့ရသည်။ ကျွန်မတို့ တတွေကို တနေရာရာက မြင်နေ၍  အမ ဘာကိုများ ပြောချင်နေသနည်း။ စဉ်းစားရကျပ်လှသည်။

အခုထိတော့ ကျွန်မစဉ်းစား၍ အဖြေမရသေးချေ……။

အမ ကောင်းရာဘုံရောက်ပါစေဟုသာ ဆန္ဒပြုရင်း……။

 

24 comments

  • မင်း ခန့် ကျော်

    August 15, 2014 at 1:13 pm

    အမိမဲ့သား ရေနဲငါး

    ဆိုလာပဲ။

    ဒါပေသိ ရှားရှားပါးပါး အမိကဲ့သို့
    အဖများလဲရှိပါတယ်။

    ကလေးတွေ အဖအရ ညံ့ကြတယ်ပြောရမလားး။
    အဖဘက်က အဖိုးအဖွားများ အဒေါ်ကြီး ဦးလေးကြီးများ
    ၏ တာဝန်ဟုသာ မှတ်ပါလေ။

    Reply

    • hmee

      August 15, 2014 at 3:27 pm

      ဟုတ်​တယ်​ အမိကဲ့သို့ အဖ​တွေ မြင်​ဖူးတယ်​။ အခု​တော့ ……။

      Reply

  • အောင် မိုးသူ

    August 15, 2014 at 1:47 pm

    ခံစားချက်စာစုလို့ပဲခေါ်ရမလား ဝတ္တုမဟုတ်တာတော့သေချာပါတယ်။ အက်ဆေးလိုလိုလေးလည်း မြင်နေရတယ်။ ခံစားချက်စာစုတစ်စုလို့သာ ပြောရင်း ဖတ်သွားပါတယ်ဗျာ။

    Reply

    • hmee

      August 15, 2014 at 3:29 pm

      ဟုတ်​ပါတယ်​ ကို​အောင်​မိုးသူ​ရေ ခံစားချက်​ က​လေး​တွေပါ။

      Reply

  • ဇီဇီ ခင်ဇော် (15102012)

    August 15, 2014 at 1:57 pm

    ကလေးတွေ ကို စိတ်မချတာရယ်
    မွန်မွန့် ကို အားကိုးတာရယ်ရော အိပ်မက်ပေးတာများလားးး
    :a:
    စိတ်စွဲလို့ မက်တာဆို ဆင်တူ မမက်နိုင်ဘူးးး
    :a:

    Reply

    • hmee

      August 15, 2014 at 3:30 pm

      ဇီဇီ​ရေ အမလည်​း တခါတခါ​တွေးမိတယ်​ အငယ်​​လေးကို စိတ်​မချတာလား အမပဲ စိတ်​စွဲတာလား ​တွေးမရဘူး။

      Reply

  • pooch

    August 15, 2014 at 2:13 pm

    အမစိတ်စွဲနေတာဖြစ်မယ် ။
    ကိုယ့်မသိစိတ်က တာဝန်မကျေသလို ခံစားနေရလို့ ညဖက်မှာ ရောင်ပြန်တာ။
    စိတ်လျှော့လိုက်ပါ မမှီရယ်
    တချို့အရာတွေက တိမ်မယောင်နဲ့ နက်လှပါတယ်။
    သူတို့ အရွယ်ရောက်လာတဲ့အခါ အလုံးစုံကို နားလည်ပေးတတ်တဲ့အချိန်ရောက်ရင် အမကူညီနိုင်တာလည်း ရှိလာမှာပါ။

    Reply

    • hmee

      August 15, 2014 at 3:34 pm

      ပုချ်​​ရေ မှတ်​မိ​သေးလား လိပ်​ပြာခွဲချိန်​ပို့စ်​ထဲက က​လေးနှစ်​​ယောက်​​လေ။ ပုချ်​​ပြောတာ ဟုတ်​မယ်​ အမရဲ့ စိတ်​ထဲမှာ အြမြဲ တန်​း တာဝန်​မ​ကျေသလို ခံစား​နေရတာ။ ထူးခြားတာက အဲ့လို မက်​ပြီးတိုင်​း လှမ်​း​မေးလိုက်​ရ င်​ အငယ်​​လေး ဖျားရင်​ဖျား မဟုတ်​ရင်​ တခုခု ဖြစ်​ဖြစ်​​နေတတ်​တယ်​။

      Reply

  • အလင်းဆက်(24/05/2011)

    August 15, 2014 at 2:13 pm

    ခံစားချက်လေးတွေကို.. စာဖွဲ ့တာမှာ…
    စိတ်ပါလက်ပါ ဖတ်ဖြစ်သွားစေဖို ့..ဆွဲဆောင်မှုအားကောင်းကောင်းနဲ ့…ရေးတတ်တဲ့အထဲ..
    အန်တီမှီ ကို… မှီဖို ့…တော်တော်…ကြိုးစားရမယ်.. ။

    :mrgreen:

    Reply

  • hmee

    August 15, 2014 at 3:36 pm

    ဆက်​ဆက်​​ရေ တကယ်​့ခံစားချက်​​တွေ ​ရေးလို့ဖြစ်​မယ်​။ 🙂

    Reply

  • ခင် ခ

    August 15, 2014 at 3:54 pm

    တစ်ခါတလေ စိတ်စွဲမှုအရ သရုပ်သဏ္ဍန်အိမ်မက်တွေမက်တတ်ကြတယ်ဆိုတော့ စိတ်စွဲတာဖြစ်မလားဘဲ၊ တစ်ခါတလေတော့လည်း ကိုယ့်စိတ်ထဲသံဃောဇဉ်တွယ်မိတဲ့စိတ်အင်အားကြောင့် အဲဒီသူတစ်ခုခု ဖြစ်မယ်ဆို ကိုယ့်စိတ်ကအလိုလိုသိနေတယ်ဆိုတာတော့ ကြားဖူးတယ် အဲလိုမျိုး ကလေးတစ်ခုခုဖြစ်မှာမို့များလား မပြောတတ်ဘူး။
    အရေးအသားကောင်းလွန်းလို့ နောက်တစ်ခါတောင်ထပ်ဖတ်မိတယ်

    Reply

    • hmee

      August 16, 2014 at 2:12 pm

      ​ကျေးဇူးပါ ကိုခင်​ခ​ရေ။ စိတ်​က ထင်​လို့ ​မေးတိုင်​း ကိုယ်​ထင်​တဲ့ အတိုင်​း ဖြစ်​​နေတာ အံ့​ဪ​မိတာပါ။

      Reply

  • တစ်ခါတစ်ခါ ဘဝ တွေ က

    တောင်မင်းမြောက်မင်း မကယ် နိုင် ဆို တာ

    အမှန်ပါ ဘဲ မ မှီ ရေ။

    ဒါပေမယ်ကိုယ်လုပ်ချင်ရဲ့သားနဲ့ မလုပ် လိုက်ရတာတွေက အိပ် မက်ထဲ ကို ခဏ ခဏ လာတတ်တာအမှန်ပါဘဲ

    Reply

    • hmee

      August 16, 2014 at 2:13 pm

      ဟုတ်​မယ်​ ကျွန်​​တော်​ အစွဲအလန်​းကြီးတာလည်​းပါမယ်​။

      Reply

  • မမှီရေ စွဲလန်းမှုနဲ့ အိပ်မက်တွေဆိုတာ ဆက်စပ်နေတတ်စမြဲပါ။
    တခါတရံနိုးထသည်အထိ တကယ်လက်တွေ့ဖြစ်ခဲ့သလို ၂ရက်၃ရက်လောက်ထိ တနုံ့နုံ့ခံစားနေရတတ်ပါတယ်။

    Reply

    • hmee

      August 16, 2014 at 2:16 pm

      အိမ်​မက်​မက်​ပြီးလို့ နိုးလာတိုင်​း တကယ်​ဖြစ်​ခဲ့သလိုမျုးပဲ။ မဟုတ်​မှန်​းသိ​ပေမဲ့ ဘာ​ကြောင်​့လည်​း​တွေးမိတာပါ။

      Reply

  • မြစာကလေး (23122011)

    August 16, 2014 at 1:51 am

    ၉၀% ကတော့ စိတ်ပညာအရ တစ်ခုခု ကို စွဲလမ်း နေရင် အိမ်မက် ဆင်တူ တွေ မက်တတ်တယ် ပြောပါတယ်။
    အများစု က ပျော်စရာထက် ကိုယ့်ရဲ့ ကြောက်စိတ်၊ အားငယ်စိတ် စတဲ့ အားနည်းမှု တွေ ကို မက်တာမျိုး, တစ်ခါတစ်ခါ အိမ်မက်တွေ က ကိုယ့် ခန္တာ ဓာတ်သဘော ဖောက်ပြန်မှု ကြောင့် မက်တာမျိုး လို့ လဲ ကြားဘူးတယ်။
    ၁၀% ကတော့ ရှိမရှိ တကယ် မသိနိုင် မပြောနိုင်တဲ့ လောက ကြောင့် လဲ မက်နိုင်ပါတယ်။
    အဲဒီလို အိမ်မက် ပေးတာမျိုး ဟာ မဖြစ်နိုင် မရှိနိုင်ဘူး လို့ သက်သေ မပြနိုင်သ၍ ဒါဟာ မဟုတ်ဘူး လို့လဲ ပြော ဖို့ ခက်သား။
    ဒါကြောင့် ဖြစ်နိုင်သ၍ စိတ် ကို ဖြေပြီး နေလိုက်ပါ။
    ကိုယ်လဲ တတ်နိုင်သ၍
    အိမ်မက် မက်လိုက် ရင်လဲ အမျှဝေ ပေးလိုက်ပေါ့။ မှီ လုပ်နေကြတော့ ဖြစ်မှာပါ။
    ငယ်တုန်း က ဒါတွေ ကို အယုံအကြည် မထားတတ်ပေမဲ့ ကြီးလာချိန် မှာတော့ တစ်ချို့ ဟာ တွေ က ကိုယ်မသိနိုင်တဲ့ ဘောင်က လွတ် နေတာတွေ မြင်လာရတော့ % အမှန် အမှား ဆိုတာ မပြောနိုင်တော့ဘူး။
    အားလုံး က ကံ အကြောင်းတရား အရ ဖြစ်လာ လို့ သဘောထားပြီး လက်ရှိကာလ အခြေအနေ ကိုသာ အကောင်းဆုံးဖြစ်အောင်လုပ်နေကြတာ အဖြစ်ဆုံး ဖြစ်မလားပါဘဲ။
    ဒီတော့ ဖြစ်ပြီး သား တွေ ကို ကံ ဆီမှာ သာ ပုံလိုက် ပြီး ကိုယ့် စိတ် ကို အေးအောင် သာ နေပါ မှီ ရေ။

    Reply

    • hmee

      August 16, 2014 at 2:18 pm

      အရီး​ပြောသလိုပဲ ကိုယ်​့ကံနဲ့ကိုယ်​ပဲလို့​တွေး​ပေမဲ့ က​လေး​တွေမြင်​ရင်​ စိတ်​​တော့မ​ကောင်​းဘူး။

      Reply

  • kyeemite

    August 16, 2014 at 11:18 am

    မမှီရဲ့ သူတပါးအပေါ် ထားတဲ့ မေတ္တာစေတနာ ပေါ်လွင်ပါတယ်….တစ်ခါတစ်ခါ
    တစိမ်းမပြောနဲ့ ကိုယ့်ညီကိုယ်မောင်နှမအရင်းတွေကိုတောင် စိတ်နောက်ကိုယ်ပါ
    မကူနိုင်တာတွေရှိပါတယ်….ဖြေတွေးစေချင်ပါတယ်ဗျာ

    Reply

  • မွသဲ ( 17082011 )

    August 16, 2014 at 11:42 am

    ကလေးတွေကိုစိတ်ချရတဲ့သူလက်ထဲမှာအပ်ထားခဲ့ချင်ပေမဲ့ အပ်မသွားနိုင်ခင်ထွက်သွားရတော့ နောက်ဆံငင်နေသလားမသိဘူးနော်။ စိတ်မကောင်းလ်ုက်တာ

    Reply

    • hmee

      August 16, 2014 at 2:20 pm

      ဟုတ်​တယ်​ တခါတခါ အဲ့လို​တွေးမိတယ်​။

      Reply

  • kyeemite

    August 16, 2014 at 1:55 pm

    မမှီရေ…ကျနော့ကွန်မန့်လေးနဲ့အတူ…ဒါလေးဖတ်ကြည့်ပါလား…ဖြေသာအောင်ပါ
    http://myanmargazette.net/192709

    Reply

  • hmee

    August 16, 2014 at 2:21 pm

    ​ကျေးဇူးပါ ဦးကြီးမိုက်​ရှင်​့ ဖတ်​ကြည်​့လိုက်​ပါ့မယ်​။

    Reply

  • ဦးကြောင်ကြီး

    August 18, 2014 at 1:17 pm

    အနော်လဲ ဆုံးသွားတဲ့ ကြီးတော်ကို အဲလို ခဏခဏ အရင်က မက်တယ်.. အခြား အိမ်မက်တွေလဲ ရှိတယ်။ နောင်မှ ရေးခွင့်ကြုံလျင် ရေးဦးမြီ..။ ကြီးတော်ကြီးကိုတော့ မက်လိုက်တိုင်း တကယ်လိုပဲ။ အိမ်မက်ထဲကိုပဲ အိမ်မက်လို့ သိလိုက်၊ သိရင်းနဲ့ကို တကယ်သိမြင်ခံစား ရသလိုပြန်ဖြစ်ပြီး အိမ်မက်မဟုတ် တကယ်ဟ၊ သူတကယ် မသေသေးဆိုပြီး ဝမ်းသာသွားလိုက်။ နောက်မှ နိုးလာတော့ အိမ်မက်မှန်း သိလိုက်.. အဲလို အကြိမ်ပေါင်းများစွာ ဖြစ်နေရာက သတိကောင်းလာတော့ တခါမှာ ဘဝခြင်း ခြားသွားပြီလေလို့ ပြောလိုက်တာ မျက်နှာညှိုးသွားပြီး ပြန်မလာတော့ဘူး။ အတော်ကြာတော့မှ တခါ ထပ်မက်တယ်။ နောက်ထပ် မမက်တော့ပါ။

    Reply

Leave a Reply

Your email address will not be published.