၂၀၁ဝ ခုနှစ် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ တွင် ကျင်းပမည်

Good IdeaAugust 12, 20101min00

မြန်မာစစ်အစိုးရသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများကျင်းပမည့် နယ်မြေ ၃၃ဝ ၏ အမည်စာရင်းများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ယခု ကြေညာချက်အရ ၂၀၁ဝ ရွေးကောက်ပွဲသည် ၁၉၉ဝ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သည့် နဝတ (ခေါ်) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲထက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂. ၉ဝ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် နဝတ အစိုးရက  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမားကို နိုင်ငံတဝှမ်းရှိ နယ်မြေ ၄၉၂ နေရာ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပသည့် ၁၉၉ဝ ခုနှစ် မေလ ၂ရ ရက်နေ့တွင်မူ အကြောင်း အမျိုးမျိုးကြောင့် မဲဆန္ဒနယ် ရ ခုတွင် ကျင်းပနိုင်ခြင်းမရှိသဖြင့် နယ်မြေ ၄၈၅ ခုတွင်သာ  ကျင်းပနိုင်ခဲ့သည်။

မြန်မာ့လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးတို့ ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အဆိုပါ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးရှိ မဲဆန္ဒနယ်မြေ၏ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။

ဒုတိယ အများဆုံးအနိုင်ရသည့်ပါတီမှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့

ချုပ် (S-NLD) ဖြစ်ပြီး မဲဆန္ဒနယ် ၂၃ နေရာတွင် အနိုင်ရရှိခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးပါက တိုင်းပြည်အာဏာကို အနိုင်ရပါတီကို အပ်နှင်းကာ တပ်မတော်၏ မူလတာဝန်ဖြစ်သည့် တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ပါမည်ဟု ကတိပေးထားခဲ့သည့် နဝတအစိုးရသည် ရွေးကောက်ပွဲ ပြီးမြောက်အောင်မြင်ခဲ့သော်လည်း တိုင်းပြည်အာဏာကို လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

၉ဝ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိဘဲ နှစ်ပေါင်း ၂ဝ ကျော်အကြာ ယခုနှစ်တွင် နအဖအစိုးရသည် ရွေးကောက်ပွဲထပ်မံကျင်းပရန် ပြင်ဆင်နေသည်။

Leave a Reply

Your email address will not be published.