မီးလောင်ဒဏ်ကြောင့် ဝေဒနာပြင်းထန်စွာ ခံစားနေရရှာသော အသက်၉၆နှစ်အရွယ်အဖွားအို တစ်ယောက်

etoneJune 16, 20131min019

အစိုးရ ရုံးပိတ်ရက်တွေနဲ့ တနင်္ဂနွေရုံးပိတ်ရက်တိုင်းမှာ အခါအားလျှော်စွာ နေ့ချင်းပြန်ခရီးထွက်ခြင်း ၊ဈေးဝယ်ထွက်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊အပြင်ထွက်ပြီး မိသားစု ထမင်းလက်ဆုံ ထွက်စားခြင်း၊ ဆွေမျိုးတွေဆီ မိသားစုလိုက် အလည်သွာခြင်းတွေလုပ်ပြီး ၊ တပတ်လုံး အလုပ်ကိုယ်စီနှင့် မျက်နှာမြင်ဖို့တောင် ခက်ခဲတဲ့ ကျွန်မတို့မိသားစုရဲ ့ အားလပ်ရက်ကို ၊ နွေးထွေးစွာနဲ့ အတူဖြတ်သန်းကြပါတယ် ။ အပြင်မထွက်ဖြစ်တဲ့ ရက်တွေမှာတော့ အိမ်မှာမုန့်လုပ်စားပြီး ၊ ရုပ်ရှင်ကြည့်လို့ အချိန်ဖြုန်းခဲ့ကြပါတယ် ။ ဒီနေ့ ၁၆-၆-၁၃ မှာတော့ ၊ ကျွန်မအစ်ကိုနဲ့ ယောင်းမ ခရီးထွက်သွားတာကြောင့် ခါတိုင်းလို မိသားစုလူမဆုံဖြစ်တဲ့အခါ ၊ အိမ်မှာပဲ တစ်ခုခုလုပ်စားတော့မယ် တွေးတုန်း ၊ အပြင်ထွက်ရအောင် သမီးရေလို့ အမေကစကားစလာပါတယ် ။ အသိလူနာသတင်းသွားမေးမှာ အင်းစိန်ဆေးရုံမှာ လိုက်ခဲ့ပါ သမီးရယ်လို့ အဖော်ခေါ်တာနဲ့ ဘယ်သူ ဘယ်ဝါမှန်းမသိပဲ ၊ လိုက်သွားခဲ့မိပါတယ် ။

အင်းစိန်ဆေးရုံရဲ ့ဝင်ပေါက်ကိုရောက်တော့ ၊ ကျွန်မကို ဒီနားမှာ ခဏနေခဲ့ဦးလို့ပြောပြီး မနီးမဝေးမှာ ရပ်နေတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်ကို တစ်ခုခုသွားမေးတာ မြင်လိုက်ရပါတယ် ။ သူတို့နှစ်ယောက်ဘာတွေပြောနေကြလဲ မကြားနိုင်ပေမယ့် ဆေးရုံဝန်ထမ်းရဲ ့ လက်ဟန်ခြေဟန်ကို ကြည့်ပြီး လမ်းညွှန်နေတာပဲလို့ ရိပ်စားမိပါတယ် ။ ခဏကြာတော့ အမေပြန်ရောက်လာပြီး ခွဲစိတ်ဆောင် အပေါ်ထပ်လို့ပြောကာ ကျွန်မလက်ကိုဆွဲလို့ ခပ်သွက်သွက် တက်သွားခဲ့ကြတယ် ။ ခွဲစိတ်ဆောင် အပေါ်ထပ်ရောက်ပြန်တော့ တာဝန်ကျသူနာပြုတစ်ယောက်ကို ၊ မီးလောင်တဲ့ အဖွား ဘယ်ကုတင်လဲ နာမည် ဘယ်သူလဲလို့ မေးတဲ့အခါ နာမည်လည်းမသိပဲ မသေချာမရေရာပဲ လူနာလာမေးရလားဆိုတဲ့ စိတ်မျိုးဖြစ်ပြီး ဘဝင်မကျဖြစ်မိပါတယ် … ။

%%%%%%%%%%%%%%%%%

တခြားလူနာ ကုတင်တွေထက် ၊ အမေသတင်းလာမေးတယ်ဆိုတဲ့ လူနာရဲ့ ကုတင်ဘေးပတ်လည်မှာ ဝိုင်းကြည့်သူတွေများနေခဲ့တယ်  ။ ကုတင်ပတ်လည် ဝိုင်းကြည့်နေတဲ့ လူတွေကြား အမေက တိုးပြီး၊  လူနာရှင်ဘယ်သူပါလဲလို့ ခပ်ဖွဖွ မေးတဲ့အခါ ကျွန်မ အံ့ဩရပြန်ပါတယ် ။ အသိလူနာကို သတင်းလာမေးတယ်လည်း ပြောသေးတယ် လူနာဘယ်အဆောင်လည်း မသိ ၊ လူနာနာမည်လည်းမသိ ၊ လူနာရှင်ဘယ်သူလည်း မသိလောက်အောင် မရေရာတဲ့ အမေ့ကို ကျွန်မ စိတ်ထဲ ဘဝင်မကျ ဖြစ်မိတာတော့ အမှန်ပါ  ။ သို့လော့ သို့လောဖြင့် အတွေးတွေ နယ်ချဲ ့နေတုန်း ၊ လူနာလက်လေးကိုင်ရင်း ဘေးက ထိုင်နေတဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက ကျွန်မက လူနာရှင်ပါလို့ပြောတာကြောင့် တောင်စဉ်ရေမရ တွေးနေတဲ့ အတွေးတွေ လွင့်ပြယ်ခဲ့ရပါတယ် ။

အမေက လူနာရှင်အမျိုးသမီးကို တရင်းတနှီးပြုံးပြရင်း သူမလာရတဲ့အကြောင်းကို ပြောပြတဲ့အခါမှာတော့ ဒုတိယအကြိမ် ကျွန်မ အံ့ဩရပြန်ပါတယ် ။ တကယ်တာ့ ဒီလူနာနဲ့ ၊ အမေနဲ့ အသိကျွမ်းလည်း မဟုတ်ခဲ့ပါဘူး ၊ အသိလို့ပြောပြီး ကျွန်မကိုခေါ်ခဲ့တာက သူမရဲ့ လူနာသွားကြည့်ချင်တဲ့ စိတ်ကူးကို အဟန့်တားလုပ်မှာ စိုးတာကြောင့်ပါပဲ … ။ ဒီနေ့မနက် သတင်းစာမှာ အသက် ၉၆နှစ်အရွယ် အဖွားတစ်ယောက် အိမ်မှာ တယောက်တည်းရှိနေချိန် ဝါယာရှော့ ဖြစ်ပြီး ကိုယ်ခန္ဓာပေါ်က အရေပြား တစ်ချို့ မီးလောင်ကျွမ်းရတဲ့ သတင်း ပါလာလို့ ၊ စိတ်မကောင်းဖြစ်ပြီး အဖွားကိုလည်း အားပေးရင်း ၊ တတ်နိုင်သလောက် ကုသစရိတ်လေး လှူဒါန်းလိုလို့ ရောက်ခဲ့ပါသတဲ့ ။ လူနာရှင်ကို သတင်းမေးပြီး အလှူငွေ တသိန်းထုတ်ပေးလို့ အဖွားကျန်းမာပါစေ ဆုတောင်းပြီး ပြန်ခဲ့ကြပါတယ် … ။ အမေ့ရဲ့ အဖွားဖြစ်သူကလည်း အသက် ၁၀ဝပြည့်ခါနီးထိ ကျန်းကျန်းမာမာနေသွားခဲ့ပြီးမှ မိသားစုကို စွန့်ခွာသွားခဲ့တာမို့ ၊ အသက်ကြီးသူ အဖိုးဖွားတွေတွေ ့တိုင်း ဆုံးပါးသွားတဲ့ အဖွားကို အလွမ်းဖြေတဲ့အနေနဲ့ ၊  အမေတတ်နိုင်သလောက် ကူညီခဲ့တယ် ၊ ဒါနလုပ်ခဲ့တယ် ။ အဲ့ဒီအမူကျင့်တွေရှိခဲ့တဲ့ အမေ့စိတ်ကူးကို သိပါလျှက် နားမလည် ပေးပဲ … ထင်ရာဆွဲ တွေးခဲ့မိတယ် ။ တကယ်တမ်း အမေ့ရဲ့ စိတ်ကူးကို သိရတဲ့အခါ ၊ အပြစ်တင်စောပြီး ဘဝင်မကျဖြစ်ခဲ့တဲ့ ကျွန်မရဲ့ စိတ်ဓါတ်မပြည့်ဝမှုကို ပြုပြင်လိုစိတ်လည်း ဖြစ်မိတယ် ရှက်လည်းရှက်မိပါတယ် ။ နေအိမ်လည်း မီးလောင်ကျွမ်းခဲ့လို့ ဘာပစ္စည်းမှ ပြန်မရခဲ့တဲ့အပြင် ၊ အိမ်ရဲ့ အသက်အကြီးဆုံးအဖွားဖြစ်သူ  ဘေးအိမ်တွေကောာင်းမှုကြောင့် ကံကောင်းစွာ အသက်ရှင်ကျန်ခဲ့ပေမယ့် ၊ အရေပြား တော်တော်များများ လောင်ကျွမ်းခဲ့တာကြောင့် အခုဆို အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၉၆ နှစ်အရွယ် အဖွားအတွက် ဆေးကုသစရိတ် လိုအပ်နေပါတယ် ။ လူနာရှင်ကို အားနာနာနဲ့ပဲ ဖွင့်မေးရင်း၊ ဓါတ်ပုံရိုက်ခွင့်လည်းတောင်းကာ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းတစ်ချို့ကိုလည်း မေးမြန်းခဲ့မိပါတယ် ။  သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ဆေးကုသမှု စရိတ်အတွက် အကူညီပေးလိုစိတ် ဖြစ်မိတာကြောင်ပါ  ။

%%%%%%%%%%%%%%%%%

အဖွားရဲ့ သမီးဖြစ်သူနဲ့ စကားပြောရင်း ဖြစ်ပွားပုံအကြောင်းကိုလည်း တစွန်းတစ သိခွင့်ရခဲ့ပါတယ် ။ ၁၅-၆-၁၃ ညနေ ၄နာရီခွဲခန့်မှာ အိမ်က အတူနေ မိသားစု(၄)ယောက် ကိစ္စကိုယ်စီဖြင့် အပြင်သို့ ခဏတာရောက်နေခဲ့ပါတယ်တဲ့ ။ တအိမ်လုံးမှာ အသက် ၉၆ နှစ်အရွယ် အဖွားဒေါ်ခင်မေ တစ်ယောက်တည်းသာ ကျန်ခဲ့ပါတယ် ။ အသက်ရွယ်ကြီးရင့်ပေမယ့် ကျန်းမာရေးကောင်းပြီး ကိုယ့်ဝေယျာဝစ္စ ကိုယ်လုပ်နိုင်သေးကြောင်းလည်း သိရပါတယ် ။ အဖွားဒေါ်ခင်မေရဲ့ သမီးဖြစ်သူက အပြင်ရောက်နေချိန် နေအိမ်မီးလောင်တာကို သိသိချင်း ၊ အိမ်သို့ ပြန်ပြေးခဲ့ပေမယ့် အိမ်ရောက်တဲ့အခါမှာ မီးလောင်ပြီးပြာတောင် ကျနေခဲ့ပါပြီ။( ဘယ်အိမ်က စပြီး ဘယ်လို မီးလောင်ခဲ့သလဲဆိုတာတော့ အပြင်ရောက်နေချိန်မို့ ရေရေရာရာ မသိခဲ့ဘူးလို့လည်းပြောပါတယ် )အမေဖြစ်သူ အဖွားဒေါ်ခင်မေ တစ်ယောက် မီးထဲပါသွားပြီလို့ထင်ပြီး ယူကြုံးမရ ုုဖြစ်ကာ ငိုကြွေးနေတုန်း ၊ ဘေးလူတွေက ဒီအိမ်က အဖွားကို တာဝန်သိ မီးသတ်ဝန်ထမ်းတစ်ဦးက ခဲရာခဲဆစ်ကယ်ထုတ်ခဲ့ပြီး ဆေးရုံသို့ပို့လိုက်ပြီဆိုတဲ့ သတင်းကို ပေးခဲ့ပါတယ်တဲ့ ။ သတင်းကြားကြားချင်း ဆေးရုံကိုလိုက်လာတဲ့အခါ အခုလို အရေပြားတွေလောင်ကျွမ်းခံရတဲ့ ဒဏ်ရာတွေနဲ့ ဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ အမေဖြစ်သူကိုတွေ့ရတာပါပဲလို့ပြောရင်း မျက်ရည်ကျရှာပြန်တယ် ။ ပိုင်ဆိုင်သမျှ ဆုံးရှံးရတဲ့ ပူဆွေးသောကအပြင် ၊ အသက်မသေသော်လည်း မီးလောင်ဒဏ်ရာကြောင့် ဝေဒနာပြင်းထန်စွာ ခံစားနေရပြီး လိုအပ်တဲ့ ဆေးကုသမှု ခံယူဖို့ စိတ်ဒုက္ခရောက်နေရှာတဲ့ သမီးဖြစ်သူရဲ့ ဗျာပါဒကို မျက်မြင်တွေ ့ခဲ့ပြီး ကိုယ်ချင်းစာစိတ်ဖြစ်မိခဲ့တာကြောင့် ၊ ရွာထဲမှာ အစပြုပြီးသိကျွမ်းခွင့်ရခဲ့တဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းဖြစ်သူ ကိုအမတ်မင်း ၊ကိုသူရဇော် ၊ ကိုအာဂ ၊ မနွယ်ပင် ၊ မရွှေအိတို့နဲ့ တိုင်ပင်ပြီး တတ်နိုင်သလောက် ဆေးကုသစရိတ် လှူဒါန်းကြဖို့ စိတ်ကူးရခဲ့ပါတယ် ။ ပို့စ်ဖတ်ပြီး မီးသင့်ဒဏ်ပြင်းထန်စွာခံစားနေရသူ အဖွားဒေါ်ခင်မေအတွက် ကျွန်မတို့နဲ့အတူဆေးကုသစရိတ် အကူညီပေးလိုစိတ်ဖြစ်လာလျှင်လည်း အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ကုသိုလ်ယူနိုင်ပါတယ် ။ နေ့စဉ်နှင့်အမျှကုသမှုခံယူနေရတာကြောင့် ဆေးကုသမှုစရိတ် ပါဝင်ကုသိုလ်ယူလိုသူများအနေဖြင့် ၂၃-၆-၁၃ (တနင်္ဂနွေ) မနက် ၁ဝ နာရီထက်နောက်မကျပဲ ဆက်သွယ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ် ။

ကိုသူရဇော် – ဝ၉၄၂၀၀၆၉၅၀၂

ကိုအာဂ – ဝ၉၄၂၁၀၂၉၁၁၇

ကိုအမတ်မင်း – ဝ၉၅၀၈၁၉၆၉

Etone – ဝ၉၇၃၁၄၄၄၂၁

မရွှေအိ – ဝ၉၇၃၁၈၉၂၆၁

မနွယ်ပင် – ဝ၉၄၂၀၁၄၃၂၉၀

မီးလောင်ဒဏ်ခံစားရသူ အဖွားရဲ့ ဓါတ်ပုံကိုလည်း ခွင့်တောင်းပြီးရိုက်ယူခဲ့ပါတယ် … ။ မိမိစိတ်ကို နိုင်မှသာ အောက်ကိုသွား ကြည့်ကြပါလို့ ကြိုအသိပေးပါရစေနော် ။

 

ခနာကိုယ် တခြမ်းလုံးလောင်ကျွမ်းခံထားရလို့ ဘေးတဖက် ပဲစောင်းအိပ်နိုင်ပါတယ်
ခနာကိုယ် တခြမ်းလုံးလောင်ကျွမ်းခံထားရလို့ ဘေးတဖက် ပဲစောင်းအိပ်နိုင်ပါတယ်
ကိုယ်တခြမ်းက အရေပြားတွေ ယခုလို မီးလောင်ခံရတာပါ
ကိုယ်တခြမ်းက အရေပြားတွေ ယခုလို မီးလောင်ခံရတာပါ

 

မျက်နှာက ဒဏ်ရာ နာကျင်လွန်းလို့ မျက်စိတွေတောင်ဖွင့်မရတော့ဘူး ။
မျက်နှာက ဒဏ်ရာ နာကျင်လွန်းလို့ မျက်စိတွေတောင်ဖွင့်မရတော့ဘူး ။

19 comments

  • kyaw hteik

    June 16, 2013 at 11:46 pm

    မetone ရဲ့အ​မေစိတ်​ဓာတ်​ကို​လေးစားအားကျမိပါတယ်​။ဒီလိုအ​မေရဲ့ သမီးဖြစ်​လို့ အ​မေစိတ်​
    လိုကူညီရိုင်​းပင်​းတတ်​တဲ့ မ အိတုန်​ကို​လည်​း ​လေးစားပါတယ်​။ဒီလိုပြန်​ share ​ပေးလို့
    ​ကျေးဇူးတင်​ပါတယ်​။ကျ​နော်​လည်​း ထပ်​တူဝမ်​းနည်​း ခံစားရပါတယ်​။

    Reply

  • Ko chogyi

    June 17, 2013 at 8:28 am

    အသက်အရွယ်ကြီးမြင့်သူလည်းဖြစ်၊
    ဝေဒနာဒုက္ခလည်းဖြစ်နေသူမို့ ဝိုင်းဝန်းကူညီကြပါလို့
    ထပ်ဆင့် နှိုးဆော်ပါတယ်။

    Reply

  • KZ

    June 17, 2013 at 8:35 am

    တုန်ကလေး:::
    ဆက်သွယ် လှူဒါန်းလိုက်မည်ဖြစ်ပါကြောင်း::::: 🙂

    Reply

  • kyeemite

    June 17, 2013 at 9:39 am

    Etone ရဲ့စေတနာကိုလည်းလေးစားပါကြောင်း…
    စိတ်မကောင်းပါဘူးဗျာ…
    တတ်နိုင်သ၍ဆက်ဆက် ကူပါ့မယ်နော..

    Reply

  • e tone

    June 17, 2013 at 1:37 pm

    ပို့စ်ဖတ်ပြီး စိတ်ဝင်တစား အင်ကွာရီ လုပ်လာကြသူများရော ၊ ကရုဏာသက်စွာဖြင့် ဆက်သွယ် လှူဒါန်းလာသူများ အားလုံးကိုရော ကျေးဇူးတင်ပါတယ် ။ အလှူ ငွေလက်ခံမှု အပိုင်းကိုတော့ ရုံးချိန်ပြင်ပအချိန်တွေမှာ လိုက်လံကောက်ခံပေးသွားပါမယ် ။

    Reply

  • ဦး ကျောက်ခဲ

    June 17, 2013 at 1:54 pm

    ဆက်သွယ် လှူဒါန်းပါမည်ဆိုတဲ့အကြောင်း…
    အဖွားအိုကိုကြည့်ရတာ စိတ်မကောင်းလိုက်တာ…

    Reply

  • အရီးခင်လတ်

    June 17, 2013 at 2:18 pm

    ဒီလို လူမှုဝန်ထမ်းစိတ်ဓာတ်၊ လိုအပ်သူကို ကူညီ လိုတဲ့ စိတ်ဓာတ် ရှိတဲ့ တုံတုံ အမေ ကို လေးစား ဦးညွှတ်ပါတယ်။
    ဒီလို အမေရဲ့ သမီး ဖြစ်ရတာ ဂုဏ်ယူစရာဘဲ။
    အဖွားလဲ အမြန်သက်သာပျောက်ကင်း ပါစေ။
    အားလုံး အဆင်ပြေပါစေ ဆုတောင်းပါတယ်။

    Reply

  • kai

    June 17, 2013 at 3:02 pm

    ၉၆နှစ်ဆိုတာ.. ဘဝနေဝင်ချိန်ပဲ..
    ဒီလိုအချိန်မှာ.. ဒီလိုဝေဒနာနဲ့.. လောကကိုမစွန့်ထွက်ဖြစ်ရအောင်.. လူသားဆန်သူတွေကြိုးစားကြသင့်ပါတယ်..။

    ကြိုးစားပေးသူတွေအတွက်.. သာဓုပါခင်ဗျာ..။
    အဘိုးအဖွားများအားလုံးကိုရည်ရွယ်တဲ့.. ကြီးမြတ်သောအလုပ် လုပ်ပေးခြင်းပါ…

    Reply

  • အာဂ

    June 17, 2013 at 4:32 pm

    စိတ်မကောင်းစရာပဲဗျာ…။

    Reply

  • TNA

    June 18, 2013 at 4:51 pm

    စိတ်မကောင်းလိုက်တာ။

    Reply

  • သခင် mobile

    June 19, 2013 at 6:54 pm

    ဝင်ရောက်ဖတ်ရှု့ရတာ စိတ်မကောင်းဖြစ်မိတယ်ဗျာ………
    ယခုလို လူသားချင်းကူညီဖို့လိုအပ်သလို ကူညီနိုင်ခွင့်ကြုံကြိုက်စေဖို့
    မေတ္တာစေတနာနှင့် နှိုးဆော်ပေးသူ ပါဝင်ကူညီကြသူများကို ဝမ်းမြောက်ဂုဏ်ယူပါတယ်…
    ကျုပ်တော့ဖြင့် ရွာရဲ့သာရေးနာရေး ကိစ္စအဝဝမှာ တစ်ပြားတစ်ချပ်မှ
    ပါဝင်ခြင်းမရှိခဲ့ဘူး မပါဝင်နိုင်ခဲ့ဘူးသူပါ …………………
    တွေးမိတယ် ကျုပ်ကိုယ်ကျုပ် နာမည်ပြောင်းရကောင်းမလားလို့…..
    သခင်မိုဘိုင်း အစား စေတနာသဒ္ဒါတရား အင်မတန်ခေါင်းပါးသောမိုဘိုင်းဟု………

    Reply

  • အလင်း ဆက်

    June 19, 2013 at 6:57 pm

    ပုံ တွေ ကြည်ု့ပြီး ကိုယ့် ခန္ဓာ ပါ နာကျင်သွား သလိုပါပဲဗျာ
    စိတ် မ ကောင်း စရာပါပဲ

    Reply

  • ဦး ကြိမ်

    June 19, 2013 at 8:41 pm

    တူသော အကျိုးကို အခုဘဝမှာပဲ ရမှာပါ……မအိတုံ။

    Reply

  • e tone

    June 20, 2013 at 9:53 am

    ဒီတပတ် 23-6-13 မှာ ဆေးရုံကုသစရိတ်အဖြစ် တပိုင်တနိုင်အကူညီပေးမှာမို့ အလှူ လက်ခံပေးနေပါသေးတယ်ဆိုတဲ့အကြောင်း remind ထပ်လုပ်ပါတယ်နော် ။

    ပိုက်ဆံ လှူရမယ်လို့ချည်းပဲ မရည်ရွယ်ပါဘူး ။ တခြားသော အထောက်ပံ့ဖြစ်စေမယ့် အရာမှန်သမျှ လှူလို့ ရပါတယ်ဆိုတာလည်း …. အသိပေးပါရစေ …. ။

    Reply

  • padonmar

    June 21, 2013 at 1:19 am

    တေးကလုံရေ
    အန်တီ နှစ်သောင်းလှူချင်ပါတယ်။
    လာယူခိုင်းရမှာ အားနာပါတယ်။
    ရွှေအိ account ထဲပဲ ထည့်ပေးရမလား။အကြောင်းပြန်ပေးပါနော်။

    Reply

    • e tone

      June 21, 2013 at 10:01 am

      မင်္ဂလာပါ အန်တီဒုံ ..

      မရွှေအိ အန်တီဆီ ဆက်သွယ်ပြီး လာယူပေးပါလိမ့်မယ် ။ ကျေးဇူးတင်ပါတယ် ။

      Reply

  • ကောင်း ကို

    June 21, 2013 at 2:34 pm

    ဓါတ်ပုံကိုကြည့်ပြီးစိတ်မကောင်းလိုက်တာဗျာ….အဘွားအိုတွေကို အိမ်မှာတစ်ယောက်တည်း မထားသင့်ဘူးဗျာ…မတော်ရင် ချော်လဲတာတို့ ..တစ်ခုခုဖြစ်တာတို့ဆိုရင် သူတို့မလွယ်လောက်ဘူးနော်…။

    Reply

  • e tone

    June 24, 2013 at 9:25 am

    Ko Kyaw Hteik (အွန်လိုင်း မန်ဘာ) 100,000 kyats တစ်သိန်း ကျပ်
    Ko P Cho Gyi (အွန်လိုင်း မန်ဘာ) 10,000 kyats တစ်သောင်း ကျပ်
    မရွှေအိ (အွန်လိုင်း မန်ဘာ) 10,000 kyats တစ်သောင်း ကျပ်
    မနွယ်ပင် + ကိုအာဂ (အွန်လိုင်း မန်ဘာ) 20,000 kyats နှစ်သောင်း ကျပ်
    etone (အွန်လိုင်း မန်ဘာ) 30,000 kyats သုံးသောင်း ကျပ်
    ကိုတင့်လွင် (စာဖတ်သူ) 100,000 kyats တစ်သိန်း ကျပ်
    မခိုင်ဇာ (အွန်လိုင်း မန်ဘာ) 20,000 kyats နှစ်သောင်း ကျပ်
    ကိုရဲစည် (အွန်လိုင်း မန်ဘာ) 20,000 kyats နှစ်သောင်း ကျပ် နှင့်
    ENSURE နို ့မှုန့်(၁) ဗူး
    AKKO (အွန်လိုင်း မန်ဘာ) 10,000 kyats တစ်သောင်း ကျပ်
    ကိုအမတ်မင်း (အွန်လိုင်း မန်ဘာ) 10,000 kyats တစ်သောင်း ကျပ်
    ဒေါ်ခင်မာလွင် (စာဖတ်သူ) ပါတိတ် ထမိန်စ (၇)စ + သဘတ်စောင် (၁)ထည်
    ဦးကျောက်ခဲ (အွန်လိုင်း မန်ဘာ) 30,000 kyats သုံးသောင်း ကျပ်
    Chartoolan (အွန်လိုင်း မန်ဘာ) 5,000 kyats ငါးထောင် ကျပ်
    ဦးကြီးမိုက် (အွန်လိုင်း မန်ဘာ) 15,000 kyats တစ်သောင်းငါးထောင် ကျပ်
    အန်တီပဒုံမ္မာ (အွန်လိုင်း မန်ဘာ) 20,000 kyats နှစ်သောင်း ကျပ်
    သန္တာဦး (စာဖတ်သူ) 15,000 kyats တစ်သောင်းငါးထောင် ကျပ်
    TOTAL 415,000 kyats လေးသိန်းတစ်သောင်းငါးထောင် ကျပ်
    ENSURE နို ့မှုန့်(၁) ဗူး
    ပါတိတ် ထမိန်စ (၇)စ
    သဘတ်စောင် (၁)ထည် တို့ကို ၂၃-၆-၁၃ တွင် ပေးပို့ခဲ့ပြီးဖြစ်သည် ။

    Reply

  • e tone

    June 29, 2013 at 11:51 am

    အဖွားဒေါ်ခင်မေ ၊ 29-6-13 မနက် 3 နာရီခန့်အချိန်မှာ အင်းစိန်ဆေးရုံမှာပဲ ကွယ်လွန်ခဲ့ပါတယ်လို့ အတူနေ မိသားစုက ဖုန်းဆက်သတင်းပေးလာပါတယ် ။
    ဆေးကုသစရိတ်လှူဒါန်းမှု အပြီး တပတ်သောအချိန်မှာ ညှင်သာစွာ ဆုံးပါးသွားခဲ့ပါတယ် ။ 🙄

    Reply

Leave a Reply

Your email address will not be published.