နှုတ်ဆက်ခွန်းခြွေ သခင်စေ…

koyinApril 25, 20131min02

နှုတ်ဆက်ခွန်းခြွေ သခင်စေ…

နွေသင့်ဆို သဇင်နွမ်းမယ်လို့
ကြွေလွင့်လို သခင်မတမ်းပါနဲ့
ဝေခွင့်ကို တမင်လွမ်းရုံပေါ့
ရင်တစ်ခြမ်းခုန် နှလုံးတွေတုန်စေသား
မမြင်ကန်းရုံ အပြုံးတွေမှုန်နေသလားရယ်နှင့်
နွေကြားမယ် တစ်ကြိမ်ပြန်လွမ်းရင်လည်း
ဖွေအားငယ် တစ်ချိန်ကံနည်းသူမှာ ဖို
ဆောင်းလက်ကျန် နှင်းစက်တွေ ပြိုကာမှ
နှောင်းသက်ပန် ညှင်းရက်လေ မဆိုထားပါဘူး
ကြောင်းခက်ထန် ပြင်းခက်ပွေ နွေကိုတားမယ်လို့
စွေလိုသလား မိုးသက်တဲ့လေရယ် နှင်
ညှိုးလျက်နဲ့ ဝေမယ်ထင်နေတုန်းမှာ
မုန်တိုင်းတွေ ဆင်ချင်လည်း ဆင်ပါကွယ့်
မှုန်မှိုင်းနေလွင်ပြင်ထဲ မြင်ပါလှည့်ဆိုကာမှ
ကြဉ်ရာသက်လုံးတိုင် မုန်းနိုင်ပြီထားပါတော့
ရင်နာလျက်နုံးယိုင် မမုန်းနိုင်အားသူမို့
ပြုံးနိုင်အားမဲ့ နွမ်းလျရီဝေစွာဖြင့်
ကျွမ်းမြပြီလေအမှာဆင့်ကာ အလွမ်းဆယ်နေထက်ပြင်းမှာပေ့ါ
အလှမ်းခက်သည့် သည်ပင်လယ်တွင်းမှာလေ…။

ဟန်ဆောင်ကာ တိမ်းခက်သည်မို့
မာန်ထောင်ကာ စိမ်းရက်ပြီလား
တမင်ယိမ်းနွဲ့လို့ လေပြည်တွေမသွဲ့တာတောင်
နေခြည်ကို တေးသွားတွေဖွဲ့မယ်လို့
အဆွေးကြားမှာလေ လွမ်းနေခဲ့တာတောင်မှ
တောင်ကျစမ်းရေတွေ နွေရောက်သလိုပဲ
ပန်းအကြွေတွေလည်း သွေ့ခြောက်မယ်ဟန်ပြင်
မေ့လောက်မယ်ထင်… ထင်ကာထားပေမယ့်
ရင်လွှာကြားက အနေခက်တဲ့ဝေဒနာကိုလေ
အဖြေလည်း ထပ်ပြီး မရှာလိုတော့တာမို့
အစိမ်းသက်သက်နဲ့ စိမ်းလက်စကို
မာန်တင်းက တိမ်းဖြတ်လို့သာပ
သဇင်သင်းရာ စုံမြိုင်လှမှာ
သခင်နင်းကာ ဖွဖွလှမ်းပါတော့
တသလွမ်းကာ နွမ်းနေသူတစ်ယောက်ကို မေ့ပါလို့
ကျွမ်းနွေဆူ အပူနေ့ကို မြိုသိပ်ကာဖြင့်
သိုသိပ်အမှာဆင့်နေ သခင်ပျော်စေဖို့
တမင်မျှော်နေလို့လည်း မထူးတော့ပြီမို့သာ
ခေါင်းချာလည်မူးလို့လာ တွေးဆရီဝေနေဆဲမှာလေ
သခင်ရယ်….
ဒီဘဝ ဒီမျှသာဖြင့်ကွယ်
ဝေးကြပြီပဲ…။ ။ ။

တောက ကိုရင်
၂၀.၀၄.၂၀၁၃

2 comments

  • Mr. MarGa

    April 25, 2013 at 7:50 pm

    ဒီဘဝမှာ ဒီမျှသာလို့
    ပီသကာ ကြည်မြစွာ ပြောသော်လည်း
    ဪ…… စိတ်ထဲတွင်တော့ မချိပြီ :kwi:

    Reply

  • alinsett

    September 13, 2013 at 5:52 pm

    တွယ်တာ လှ ပေမယ့်
    ကွယ်ရာကပဲ ချစ်တော့မယ်

    ဆိုတဲ့
    မောင်ဒိုင်းမွန်းဝင်းရဲ့ ကဗျာကိုတောင်
    သတိရသွားပြီ။

    Reply

Leave a Reply

Your email address will not be published.