နေဝင်ချိန် Sunset ကို လှမ်းတက်လို့ ကြည့်ကြမယ်…

Ma EiJanuary 23, 20132min023

နေဝင်ချိန် Sunset ကို လှမ်းတက်လို့ ကြည့်ကြမယ်…

 

နေဝင်ချိန်လေးတွေရဲ့ လှပတဲ့ အရောင်တွေနဲ့ အတူ ခဏလေးသာကြည့်ခွင့်ရတဲ့ နေမင်းကြီး ကို နှစ်သက်စွာ ငေးကြည့် နေတတ်ကြသူတွေထဲမှာ ကျမလဲ တစ်ယောက်ပါဝင်သူပါ…နေထိုင်ရာ ရန်ကုန်မြို့နဲ့ ခရီးသွားစဉ် ရောက်ရှိရာ အရပ်ဒေသ တွေမှာလည်း နေဝင်ချိန်အလှကို အချိန်ရရင်ရသလို ခံစားမိတတ်ပါတယ်… ရွှေဝါရောင်၊ ပုဇွန်ဆီရောင်၊အနီရောင်ကနေ နီညိုလို့ မှောင်ရီသမ်းလာသည်အထိ အရောင်မျိုးစုံ ဖြစ်ပေါ်ပြောင်းလဲ သွားတာတွေကို ဘဝတစ်ခုလို ခံစားမိပါတယ်…

ရွှေရောင်တောက်ပတဲ့ ဘဝလေးတွေ ကြာရှည်ချင်မိခဲ့တာပါ…

တစ်ခါတစ်ရံမှာ ကြည့်မဝလွန်းလို့ အနောက်ဖက်ကိုဝင်ရောက်ပျောက်ကွယ်သွားတဲ့ နေမင်းကြီးနောက် ခဏလောက်လိုက်ကြည့်ချင်မိပါတယ်…ခဏလောက်များပြန်ထွက်လာပါလားလို့လဲ တောင်းဆိုမိပြန်ပါသေးတယ်…

မဖြစ်နိုင်တာဘဲလို့ သိနေပေမယ့်လဲ…ရချင်ခဲ့တာပါဘဲ…

အဲ့ဒီလို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အရာတွေကို ရရှိခဲ့တဲ့ ညနေခင်းလေးတစ်ခုရှိခဲ့ပါတယ်…

နေဝင်ချိန်မှာ ဝင်သွားတဲ့ နေမင်းကြီးနောက် လိုက်ကြည့်လို့ ခဏပြန်ထွက်လာတဲ့ နေမင်းကြီးကို ထပ်ကြည့်ခွင့်ရလိုက်ပါတယ်… …

ဒီလိုဆိုမှတော့ ဒါထူးဆန်းပါ့မလားလို့ ပြောချင်လဲ ပြောပါတော့…

အမှတ်တရ မှတ်တမ်းလေးပါ…

ဒီလပိုင်း ရုံးမှာ လက်ရှိနေရာကနေ အသစ်စလုပ်နေတဲ့လုပ်ငန်းကို ပြောင်းပြီးတာဝန်ယူရပါတယ်။ နေပြည်တော် Station ကို  Air Charter နဲ့ တစ်ရက်ခရီး အလုပ်ကိစ္စ သွားခဲ့ရတဲ့17/12/12 နေ့ညနေခင်းလေးမှာ နေဝင်ချိန်ကို နှစ်ခါကြည့်ခွင့် ရခဲ့တာဖြစ်ပါတယ်။

 

နေပြည်တော် လေဆိပ်ကမြင်ရတဲ့ ညနေ နေဝင်ချိန်လေးက လှပလွန်းလှတယ်…လေယာဉ်ပြေးလမ်းကအတက်မှာ နေလုံးကြီး တစ်လုံး၊တစ်ခြမ်းကနေ ပျောက်သွားသည်ထိ ငေးကြည့်နေမိခဲ့ပါတယ်…လေယာဉ်ပျံတက်လာပြီး မကြာခင်မှာဘဲ အလင်းရောင်လင်းလက်လာလို့ ညာဖက်ကိုကြည့် လိုက်မိတဲ့အခါမှာ နေမင်းကြီးပြန်ထွက်လာခဲ့တာကို တွေ့လိုက်ရတာဖြစ်

ပါတယ်..

ပြေးလမ်းပေါ်ကမြင်ရတဲ့ နေဝင်ချိန်
ပြေးလမ်းပေါ်ကမြင်ရတဲ့ နေဝင်ချိန်

နေဝင်တော့မှာ
နေဝင်တော့မှာ
တမ်းတစရာ နေဝင်ချိန်
တမ်းတစရာ နေဝင်ချိန်
ပြန်ထွက်လာတဲ့ နေမင်းကြီးရဲ့အလင်းရောင်
ပြန်ထွက်လာတဲ့ နေမင်းကြီးရဲ့အလင်းရောင်
ဝင်ပြီးသားနေ ပြန်ထွက်ချိန် ညနေခင်း
ဝင်ပြီးသားနေ ပြန်ထွက်ချိန် ညနေခင်း

 

 

 

နေဝင်ချိန်မှာ နေမင်းကြီးပြန်ထွက်လာတာကို ထပ်ကြည့်ခွင့်ရခဲ့တာမို့ အတိတ်ကောင်းလို့ မှတ်ယူမျှဝေချင်မိပါတယ်….

ရွာသူရွာသားများ ရွှေရောင်တောက်ပတဲ့ အချိန်များကို ထပ်ကာ ထပ်ကာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့်…

မအိ

23 comments

  • ခိုင်ဇာ

    January 23, 2013 at 1:14 pm

    မွအိ။ မတွေ့တာ ကြာပါပကော။
    ပွဲနေ့က ပုံတွေမှာတော့ လှလို့။

    နေဝင်ချိန်မှာ နေမင်းကြီးပြန်ထွက်လာတာကို တွေ့သူ မွအိ ကံကောင်းပါစေဗျာ။

    နေဝင်ချိန် ကြည့်ရတာတော့ကြိုက်တယ်။
    ငယ်တုန်းကတော့ နေဝင်ချိန်ကို ပုစွန်ဆီရောင်တောက်တောက်လို့ တင်စားတဲ့ အခါတိုင်း ပုစွန်ထုတ်ကြီး အမြဲစားချင်ခဲ့တယ်။ :mrgreen:
    ခု ပြန်ကြည့်မိ ပြန်ခံစားမိတော့ အဲဒီ တစ်ရောင်ထဲမဟုတ်ပဲ ပြောပြလို့မရတဲ့ အရောင်စပ်လေးတွေပါတွေ့ရတတ်တယ်။
    ဘာလို့တုန်းတော့မသိ နိုဝင်ဘာလတွေရဲ့ နေဝင်ချိန်ကို အကြိုက်ဆုံးပဲ။ :harr:

    Reply

    • Ma Ei

      January 23, 2013 at 1:25 pm

      လှတယ်ပြောလို့ သဘောကျမိပါတယ်… :hee:
      ခိုင်ဇာလည်း ကံကောင်းပါစေနော်…
      စက်တင်ဘာ Sunset က အလှဆုံးလို့ အဆိုရှိတယ်…
      သေချာတာကတော့ နေဝင်ချိန်တွေ လှတယ်ဆိုတာလေးပါနော်…

      Reply

  • moonpoem

    January 23, 2013 at 1:23 pm

    အန်တီမအိရေ လူလည်း လှသလို ဓာတ်ပုံလည်း လှပါတယ်။ နေဝင်ချိန် နေမင်းကြီးက လွမ်းစရာပါပဲ။ ၂ခါပဲ ပြန်ထွက်ဦးတော့ သဘာဝအတိုင်း နေဆိုတာ ဝင်ရတာပါပဲလေ။ ဓာတ်ပုံထဲက ရတဲ့ သံဝေဂတရားတွေပါ။ ဘာပဲပြောပြော နေဝင်ချိန် ၂ခါ ကြုံရတဲ့ အန်တီမအိ ကံကောင်းပါစေလို ့ဆုတောင်းပေးပါတယ်။

    Reply

  • weiwei

    January 23, 2013 at 1:41 pm

    ရန်ကုန် ညနေနေဝင်ချိန်ကို နေ့တိုင်းမြင်နိုင်တဲ့နေရာမှာ နေနေရလို့ ညနေဆည်းဆာကို ငေးကြည့်ဖြစ်ပါတယ် …
    ဆည်းဆာကို ပင်လယ်ကနေကြည့်ရတာကို အကြိုက်ဆုံးပဲ …

    Reply

    • Ma Ei

      January 23, 2013 at 2:09 pm

      26-28/12/12. မှာ ငွေဆောင်ကမ်းခြေရဲ့
      ဆည်းဆာလေးတွေ ရိုက်လာခဲ့တယ်…
      မော်တင်စွန်းရဲ့ ဆည်းဆာကိုတော့
      နေလုံး အကြီးကြီးမြင်ရလို့ အကြိုက်ဆုံးပါနော်…

      Reply

  • Ma Ei

    January 23, 2013 at 1:44 pm

    လကဗျာလေးရေ…
    ပြန်လင်းလက်လာတဲ့ နေရောင်ခြည်လေးကိုတွေ့လိုက်ရလို့ပျော်သွားခဲ့ရပါတယ်…
    ဆုတောင်းပေးတာလေးလဲ ကျေးဇူးနော်……

    Reply

  • ခင်ခ

    January 23, 2013 at 1:45 pm

    နေက နေဝင်လိုက် နေလုံးကြီးပျောက်သွားလိုက် နေ့စဉ်နေ့တိုင်း ရှိနေတယ်။
    လူကတော့ တသက်မှာ တစ်ကြိမ် နေဝင်သလို ပျောက်သွားရင် ……..။ ဤဘဝ ဤမျှသာပေါ့။

    Reply

    • Ma Ei

      January 23, 2013 at 2:25 pm

      ဘဝ ထဲမှာ မျှော်လင့်ချက်လေးတွေနဲ့
      အသက်ရှင်နေကြရတဲ့သူတွေမို့
      ရွှေရောင်တောက်ပတဲ့ အချိန်များကို
      ထပ်ကာ ထပ်ကာ ပိုင်ဆိုင်လိုကြမှာပါ…
      အပျော်လေးမျှဝေပါရစေ…

      Reply

  • lifevisitor

    January 23, 2013 at 2:56 pm

    ပုံတွေအရမ်းလှတယ်နော် မအိ ညနေခင်းအလှကို သဘာဝအတိုင်းခံစားရတာ ပျော်စရာကောင်းတယ်။စိတ်မကောင်းစရာတစ်ခုကတော့ တစ်နေ့တာကုန်ဆုံးသွားတာပဲ … ဒါပေမဲ့ မအိ တင်ထားတဲ့ပုံတွေကိုကြည့်ပြီး စိတ်ချမ်းသာသလိုခံစားရတယ်။

    Reply

    • Ma Ei

      January 23, 2013 at 3:19 pm

      စိတ်ချမ်းသာသလိုခံစားရတယ် …
      ဆိုလာလို့ကျေနပ်မိပါတယ်….
      :hee:

      Reply

  • Mon Kit

    January 23, 2013 at 3:29 pm

    မအိရေ…
    ဝင်ပြီးသား နေလုံးကြီး ပြန်ထွက်လာတဲ့ အလင်းက ပိုစူးရှနေသလိုဘဲ…
    အတိတ်နမိတ်တော့ တော်တော်ကောင်းနေပီ…
    အလုပ်နေရာသစ်မှာ အစစ အရာရာ ပိုမိုကောင်းမွန်အစဉ်ပြေပါစေလို့နော်….
    မွန်ကစ်တို့ကို ထားခဲ့တယ်…… :byae:

    Reply

    • Ma Ei

      January 24, 2013 at 10:43 am

      မွန်ကစ်ရေ…
      နေရာ မတူတော့ပေမယ့် အမြဲတမ်း ညီမလေးတွေပါ…
      ဟိုးရက်တွေက အရမ်းလုပ်များနေ ရှင်းနေရလို့ ရွာထဲမရောက်တာရယ်..
      ခုတော့ နဲနဲ အသက်ရှူချောင်သွားလို့ မအားတဲ့ ကြားက
      ရွာကို အပြေးအလွှားလာခဲ့တာ..ရွာမှာ ဆုံကြမယ်လေ…
      :hee:

      Reply

  • kyeemite

    January 23, 2013 at 3:46 pm

    မအိရေ..ကျနော်ကတော့ နေဝင်နေထွက်တွေကို သဘာဝရဲ့
    အလှအပတစ်ခုအနေနဲ့ပဲ ရိုးရိုးစင်းစင်းခံစားပါတယ်
    ဘာအယူအစွဲမှမထားပါဘူး…..
    နေဝင်တယ်ဆိုတာ..နောက်နေ့ပြန်ထွက်လာဖို့ပါ…
    ဒါကြောင့် ဒုက္ခတွေအများကြီးတွေ့နေတဲ့ကိစ္စမျိုးမှာ…
    သန်းခေါင်ထက်ညဉ့် မနက်ပါဘူးကွာ…လို့ပြောကြတာပေါ့..
    ခင်တဲ့…

    Reply

    • Ma Ei

      January 24, 2013 at 10:52 am

      သန်းခေါင်ထက်ညဉ့် မနက်ပါဘူးကွာလို့ ပြောကြသလို..
      လောကကြီးမှာ ဘာတွေဖြစ်ဖြစ် မနက်ကြရင် နေထွက်လာမှာပါ …
      လို့လဲ ပြောကြပြန်ပါတယ်…

      Reply

  • မအိရေ
    နေဝင်ဆည်းဆာကလှည့်စားတတ်ပါ၏
    အလင်းရောင်တွေပျောက်ပြီး ကုန်လောက်ပြီထင်လို့ အိမ်ပြန်မယ်လုပ်မှ
    ရောင်စဉ်တွေဖြာထွက်တာ မကြာ ခဏကြုံတတ်ပါ၏။
    လူ့ဘဝကြီးကလဲ ထို့အတူပါဘဲ
    ………………………..လှည့်စားတတ်ပါ၏။

    Reply

    • Ma Ei

      January 24, 2013 at 3:48 pm

      ကိုပေါက်ရေ…
      နေဝင်ဆည်းဆာရဲ့ လှည့်စားမှုလေးတွေကို
      ပျော်ရွှင်စွာ ခံစားကြည့်ချင်ပါတယ်နော်…

      Reply

  • မောင်ပေ

    January 23, 2013 at 7:34 pm

    မြန်မာ့အလင်း ထဲ ပါလာနေအုန်းမယ်နော
    မမ(လားရှိုး) က လက်သွက်ပါဘိနဲ ့

    Reply

    • ဂန္ဓာရီ ဆြာအုပ်

      January 24, 2013 at 2:34 pm

      ဝေဟင်တိမ်
      နေဝင်ချိန်
      ဖေခင်ငြိမ်
      ငွေခင်လိမ်
      သေလျှင်ပိန် …ဟီးဟီး ကပေ့ လိုကဗျာစပ်ကြည့်တာ

      Reply

    • Ma Ei

      January 24, 2013 at 3:45 pm

      မောင်ပေ က ကဗျာမစပ်ရဘဲနဲ့
      ဆြာအုပ်က ကဗျာစပ်နေပြန်ပါပြီ…

      Reply

  • ကြည်ဆောင်း

    January 24, 2013 at 9:08 am

    ဒီနေဝင်ချိန်ပုံလေးတွေကြည့်လိုက်မိတော့ နေဝင်ချိန်ရှုခင်းကို ပုဂံမှာသွားကြည့်ချင်လာပြီ…

    Reply

    • Ma Ei

      January 24, 2013 at 3:52 pm

      ကြည်ဆောင်း says:…
      ပုဂံ ရဲ့နေဝင်ဆည်းဆာကလည်း အရမ်းကိုလှပပါတယ်…
      လွမ်းလောက်စရာပါနော်…

      Tin Tin says: …
      နေဝင်ချိန်လေးကြည့်လိုက်ရတာ ကြည်နူးစရာကောင်းလိုက်တာ…
      Comment အတွက် ကျေးဇူးနော်…ငွေဆောင်ကမ်းခြေ ဆည်းဆာလေး ထပ်တင်ပါဦးမယ်…
      :hee:

      Reply

  • Tin Tin

    January 24, 2013 at 3:20 pm

    အမအိရဲ့ နေဝင်ချိန်လေးကြည့်လိုက်ရတာ ကြည်နူးစရာကောင်းလိုက်တာ…

    Reply

  • Ma Ei

    January 28, 2013 at 9:02 am

    နေပြည်တော် လေဆိပ်ကမြင်ရတဲ့ ညနေ နေဝင်ချိန်လေးက
    လှပလွန်းလှတယ်…လေယာဉ်ပြေးလမ်းကအတက်မှာ နေလုံးကြီး တစ်လုံး၊တစ်ခြမ်းကနေ ပျောက်သွားသည်ထိ ငေးကြည့်နေမိခဲ့ပါတယ်…
    လေယာဉ်ပျံတက်လာပြီး မကြာခင်မှာဘဲ အလင်းရောင်လင်းလက်လာလို့
    ညာဖက်ကိုကြည့် လိုက်မိတဲ့အခါမှာ နေမင်းကြီးပြန်ထွက်လာခဲ့တာကိုတွေ့လိုက်ရတာဖြစ်ပါတယ်…
    လေယာဉ်ကပျံတက်လာတာမို့ အမြင့်ကိုရောက်သွားတဲ့အတွက်နေမင်းကြီးကို ပြန်မြင်ရတာပါ…
    :hee:
    ဒီလိုဆိုမှတော့ ဒါထူးဆန်းပါ့မလားလို့ ပြောချင်လဲ ပြောပါတော့…
    အမှတ်တရ မှတ်တမ်းလေးပါ…

    Reply

Leave a Reply

Your email address will not be published.