ကမ္ဘာကျော် မိန့်ခွန်းတော် (10) ချက်

Yin Nyine NwayJuly 20, 20101min01

မတ်ဗုဒ္ဓ၏ အံ့ဩဖွယ်ကောင်းသော လမ်းညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ် ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသမိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန်ချက်ဖြစ်ခဲ့ပေသည်။ မည့်သည့် ဘာသာရေး၌မဆို ဤကဲ့သို့သော လမ်းညွှန်ချက်မရှိပေ။
မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့်လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။

မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြသည်မှာ “အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်းပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွန်ုပ်တို့ကေသမုတ္တိ ရွာသို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွားကြပါ၏ဘုရား။

ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသားအားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း”-ဟု မေးလျှောက်ကြကုန်၏။

“အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဉာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။

“အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုးမဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်ပိုင်သိအောင်လုပ်ကြ။

“ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်”ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။

ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိနှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါးကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည”ဟု ကေသမုတ္တိရွာသား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။

One comment

  • first last

    July 12, 2012 at 9:05 am

    good post. thank you for including all complete teaching. Nowadays, people are using that teaching only some part for their purpose. ” Lo Yar Swe Pyaw Nay kya tal “

    Reply

Leave a Reply

Your email address will not be published.