ဒါ ဘဝတဲ့လား…

manawphyulayJuly 16, 20101min03

အဆင်မပြေမှုတွေ များနေတဲ့ ဘဝမှာ
ဘယ်အရာမှ ငါ အလိုမကျခဲ့
တိုးတက်နေတဲ့ ခေတ်ကြီးမှာ
ငါကကော ဘာမို့လို့လဲ
ကိုယ့်ဘဝကို အားငယ်မိပေမဲ့
ကိုယ့်ဘာသာပဲ အားပေးနေခဲ့
ဒီလိုဘဝမျိုးကို ငါတစ်ယောက်တည်း ရရှိနေတာ မဟုတ်ဘူး
တဖြည်းဖြည်းနဲ့ စိတ်ဓာတ်က အဝီစိထိကျဆင်းနေခဲ့
ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်ရင်း
ခြေသလုံးတွေ တောင့်တင်းနေခဲ့
လှဲကျလို့ ပြန်ထရင်တောင်
ကူမယ့်သူမရှိ
တစ်ခါတလေ မျက်ရည်ကျမိပေမဲ့
ထပ်ကျဖို့တောင် မျက်ရည်လက်ကျန်မရှိတဲ့ဘဝ
ဪ… ဘဝ ဘဝလို့တောင်
မအော်နိုင်တဲ့ ငါ့ရဲ့အဖြစ်
စိတ်ပျက်စရာ လူတချို့နဲ့
တွေ့ကြုံခဲ့ရ
မပြုံးတတ်ဘဲ ပြုံးလိုက်ကြ
မရယ်တတ်ဘဲ ရယ်လိုက်ကြ
ဘဝမှာ
ဖြစ်ချင်ခဲ့တာတွေ များသလောက်
ဘာတစ်ခုမှ ပေါက်မြောက်အောင်
မဖြစ်တဲ့ ငါ့ဘဝ
ကိုယ်ရှိလို့သာ ဘဝဆိုတာ
ရှိနေမှန်း ဖြေသိမ့်ခဲ့ရ
ကိုယ့်ဆီက လိုချင်တာတွေ
ရနိုင်တုန်းက အခင်ဆုံးတွေလို့
ပြောတတ်သူတွေကလည်း
နောက်ထပ် ဘာမှ ရယူစရာမရှိတော့တဲ့အခါမှာ
ကိုယ့်နားက ခပ်ခွာခွာ
ဟန်ဆောင်မှုများနဲ့ နှုတ်ဆက်
အားလုံးကို ကိုယ့်လိုပဲ သဘောထားပြီး
အရိုးခံအတိုင်း ပေါင်းသင်းတတ်တဲ့ ငါ့အကျင့်က
ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်စေခဲ့မှန်း
ရင်ခုန်သံတွေ ယောင်ယမ်းနာကျင်လာတဲ့အခါမှာ
သဘောပေါက်လိုက်မိတော့တယ်
တောင့်တင်းနေတဲ့ ခြေထောက်ကို
ဆေးလိမ်းရင်း ခရီးဆက်ခဲ့
အောင်မြင်ခြင်းရဲ့ ပန်းတိုင်ဟာ
ယုံကြည်မှုပဲ
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း
မနက်ဖြန်ဆိုတာ ရှိနေသမျှ
ငါ့ဘဝရဲ့ မျှော်လင့်ခြင်း လင်းရောင်ခြည်ဟာ
အနီးလေးမှာဘဲ
လောကဆိုတာ မာယာ
မာယာဆိုတာ လောက
ဒီလောကအလယ်မှာ
ဘဝကို ကျေနပ်စွာ နေတတ်ဖို့အတွက်
ကံတရားကို ကိုယ့်ဘက်သားဖြစ်အောင်တော့
စည်းရုံးကြည့်ရဦးမယ်လေ
ဖြစ်လာဖို့အရေး မျှော်တွေးရင်း
လူ့ဘဝဆိုတာ
မျှော်လင့်သလို ဖြစ်လာခဲ့ရင်တောင်
ဖြစ်လာပြီးနောက်မှာ
ဘာမှမဟုတ်တော့ဘဲ
ဒီလိုနဲ့ အချိန်တန်တော့လည်း
ပြီးဆုံးခြင်းကို ရောက်ရှိရတော့တာပါပဲလေ…

3 comments

  • etone

    July 16, 2010 at 5:44 am

    ကောင်းတယ် ။ တစ်ကယ့်လူ့သဘာဝမှာဖြစ်ပျက်နေတာတွေကို ရေးထားတာပါလား ။

    Reply

    • manawphyulay

      September 9, 2011 at 10:44 am

      အဆင်မပြေလည်း ပြေအောင် လုပ်နေရတာပါပဲလေ…. 🙂

      Reply

Leave a Reply

Your email address will not be published.