နေ့တစ်ဝက် လမင်း

အဇဋာNovember 5, 20121min06

သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ
တစ်ခဏ ဖြေဖျောက်မှုအတွက်
ငါ့ ရုပ်ပိုင်းဆိုင်ရာတွေ
တွန့် ကြေ ကုန် တယ်…

တစ်ယောက်က တစ်ခုမှ မခံစားရချိန်
တစ်ယောက်က တစ်ခုကို
လွတ်လွတ်လပ်လပ် အသည်းကွဲ…

ငါ့မှာ
ဒါ့အပြင် အချစ်ကို အဓိပ္ပါယ်မဖွင့်ဆိုနိုင်ဘူး…

ရင်ခုန်သံကို “ကျားကွက်”ပေါ်တင်တော့
မင်းက ငါ့ထက် နှစ်ကွက်ကျော်မြင်တယ်
ဟုတ်တယ်
အချစ်ဆိုတာ
အကောင်ရေများမှ
ရွေးချယ်ခွင့်ရှိစွာ “ကင်း” ဝင်နိုင်မယ်…

ငါက ကျဉ်းမြောင်းမြောင်း သစ္စာနယ်မြေတစ်ခုအတွက်
တိုက်ပွဲဝင်နေချိန်
မင်းက အောင်လံလွှင့်ပြီး
အလိုတူစွာ
ဘဝတစ်ခုလုံး သိမ်းပိုက်ခံထားပြီးပြီ…

စစ်ပွဲထဲကိုလည်း ရောက်ခဲ့တယ်
မြားလည်း ကုန်ခဲ့တယ်
ဒါပေမယ့်
ဘာအတွက် ငါတိုက်ခဲ့သလဲဆိုတာ
ခုချိန်ထိ မသိဘူး

“မငိုပါနဲ့” တဲ့
ငါမငိုရင် ငါ့မျက်ရည်တွေ
ဘယ်သူ့အတွက် တန်ဖိုးမဲ့ပစ်ရမှာလဲ…

ဘာမှ မဟုတ်ခဲ့ပါဘူး
ညနေခင်းတွေမှာ
ခပ်မှိန်မှိန် တောက်ခဲ့တဲ့ တိမ်တွေလို
မိုးမရွာခင်
ခပ်ဖွဲဖွဲ လင်းလက်ခဲ့ရုံးလေးပါ…

ဟေ့…ဒီမှာ
နောက်တစ်ကြိမ် နောက်တစ်ကြိမ်တွေသာ ရှိခဲ့ရင်
ငါ ဒီလိုပဲ
ထပ်…ထပ် ရူးသွပ်လိမ့်ဦးမယ်…

ဟေ့…ဒီမှာ
ဒီကဗျာဟာ ဒီနေရာမှာ
အရသာ ပျက်ခဲ့ရင်တောင်
“အပျော်” ဆိုတဲ့ စကားလုံး
ငါ မသုံးမိအောင် သတိထားမယ်…

ဒါ…
ငါ့အချစ်ကို ငါ ကိုယ်တိုင်
ဟစ် ကြွေး ကြုံး ဝါး ခြင်းပဲ။


မြတ်ကျော်သူ
1.Nov.2012
01:19 AM

6 comments

  • kyeemite

    November 5, 2012 at 2:36 pm

    ကိုမြတ်ကျော်သူရဲ့ သတင်းသမားအတွေ့အကြုံလေးတွေတောင်ပျောက်နေတာ ကြာပေါ့..
    ကဗျာလေးကိုခံစားသွားပါတယ်
    ခင်တဲ့..

    Reply

  • မောင်ပေ

    November 5, 2012 at 8:21 pm

    ဟစ်ကြွေးကြုံးဝါး
    လစ်ပြေးအရှုံးသမား
    ချစ်လေးရုံးသွား
    ယစ်မေးပြုံးထား
    ညစ်ဂေးအုန်းစား

    Reply

  • MaMa

    November 6, 2012 at 8:40 am

    ဒီစာဖတ်ပြီး စဉ်းစားမိတာ……
    ကဗျာဆရာ အတော်ညစ်နေတဲ့ပုံပေါက်တယ်။ 😀

    Reply

  • Shwe Tike Soe

    November 6, 2012 at 10:42 am

    ခံစားသွားပါတယ်ဗျာ… ကဗျာ ကြိုက်ပါတယ်..
    အဲလို ကဗျာလေးတွေ ရေးပါအုံးဗျ အားပေးနေပါမယ်…
    ဝါသနာသာပါတာ အမြီးအမောက်တည့်အောင် ရေးတတ်ဘူးရယ်……..အဟီးးးးးးးးး

    Reply

  • maung khinmin

    November 11, 2012 at 11:49 am

    ကိုမြတ်ကျော်သူ ခုတလော နှလုံးသားကိစ္စတွေကြားမှာ
    ဗျာများနေရတယ်နဲ ့ တူပါရဲ့ ….

    ခံစားပြန်ကြားသွားပါတယ် ခင်ဗျ။

    Reply

  • လုံမလေးမွန်မွန်

    November 11, 2012 at 1:24 pm

    သူတည်းတစ်ယောက်
    ကောင်းမှုရောက်မူ
    သူတစ်ယောက်မှာ
    ပျက်လင့်ကာသာ
    ဓမ္မတာတည်း..။ 🙂

    အစ်ကိုရေ..အပျော်ပါနော်…
    ကဗျာလေးကို ခံစားသွားပါတယ်…

    ခင်တဲ့
    လုံမလေး

    Reply

Leave a Reply

Your email address will not be published.