အမှောင်ထု တစ်ခုထဲမှ ရုံးထွက်နိုင်ခဲ့တဲ့ မိန်းကလေး

TheWinner GetprizeSeptember 17, 20121min028

ဇာခြည်နဲ့ကျွန်မက အလုပ်လုပ်ကြတဲ့ Company Group တူပေမယ့် ရုံးချင်းမတူတာကြောင့်ရော၊ သူရော ကျွန်မပါ မကြာခဏ ခရီးသွားဖြစ် ကြတာတွေကြောင့်ရော အေးဆေးမဆုံဖြစ်ကြတာ ကြာပါပြီ။

ဒီနေ့ကျွန်မတို့ဆုံတော့ ရုံးဆင်းရင် ကျွန်မကို ဝမ်းသာစရာပြောစရာရှိလို့ဆိုတာနဲ့ ကျွန်မတို့ နှစ်ဦး ရုံးကအပြန် အကင်ဆိုင်သို့ ဆက်ခဲ့ကြပါသည်။

ကျွန်မတကယ့်ကို ဝမ်းသာလွန်းခဲ့ရပါသည်။ ဇာခြည့်ကို လိုက်ပို့ပေးပြီး အပြန်လမ်းမှာတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော် – နှစ်နှစ်လောက်က အမှောင်ထု တခုထဲကို ဝင်ရောက်ခဲ့တဲ့ မိန်းကလေး (ဇာခြည်) ရဲ့ အကြောင်းတွေ ကျွန်မအတွေးထဲ ပြန်လည်ဝင်ရောက်လာပါသည်။

******
ဇာခြည်ရော ကျွန်မပါ မိသားစုတွေကို ဦးဆောင်ရတာ တူညီကြပါသည်။ ကျွန်မတို့မှာ အမြဲမရိုးနိုင်သော၊ မပြီးဆုံးနိုင်တော မိသားစု အခက်အခဲများ၊ ပြသနာများ မျိုးစုံအောင်ရှိကြပါသည်။ တခါတလေမှာတော့ အတော့်ကို စိတ်ဖိစီးမှု ဖြစ်စေပါသည်။
အလုပ်မှာရောတဲ့ – ခိုင်းကောင်းတဲ့ ကျွန်မတို့က ထန်းပင်တက် လက်မှတ်ရထားကြပါသည်။ ဘယ်နယ်ကို လွှတ်လွှတ် အမြဲမငြင်းခဲ့တဲ့ ကျွန်မတို့အဖို့ ငြင်းလို့လဲ မရတော့ပါ။

ဇာခြည်တယောက်ယောက်နှင့်တွေ့နေသည်ဆိုတာကိုတော့ ကျွန်မသိပါသည်။ သူမမှာ ရင်ဖွင့်ရမယ့်သူ၊ သူမကိုအားပေးမယ့်သူ တစ်ဦးရှိနေပြီဆိုတာ အသေအချာပါပဲ။ သူမ မပြောသေးသဖြင့်တော့ ကျွန်မမမေးဖြစ်ခဲ့ပါ။

တနေ့မှာတော့ ကျွန်မအပေါ်ပွင့်လင်းတဲ့ ဇာခြည် ဘာလို့မပြောလည်းကို ကျွန်မသိလိုက်ရပါသည်။
ကျွန်မမဖြစ်ပါစေနဲ့ ဆုတောင်းနေတဲ့ကြားထဲကပါပဲ-
အခုခေတ်မှာ မဆန်းတော့ပါလို့ ပြောရင်လည်း ရပေမယ့် ကျွန်မတို့ မြန်မာလူမျိုး အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအတွက်တော့ ဆန်းပါတယ်လို့ ပြောရမှာပါပဲ-

ဘာလို့လဲဆိုတော့ ဇာခြည်ရဲ့ တယောက်ဟာ Family ရှိနေလို့ပါပဲ။ ကျွန်မဘာလုပ်ရမလဲ? တားဖို့ကြိုးစားကြည့်ရမှာပေါ့။ ကျွန်မသေချာအတတ်ပြောနိုင်တာကတော့ လောဘမရှိတဲ့ ဇာခြည်အဖို့ အများ ပြောနေကြတဲ့ Sponsor မဟုတ်တာကတော့ အသေအချာပါပဲ။

ဇာခြည်နဲ့ စကားပြောကြည့်တဲ့အခါမှာတော့ သူမခေါ်တဲ့ အစ်ကိုအပေါ်မှာ တွယ်ညှိမှုနဲ့၊ သံယောဇဉ်ဟာ အတော်လေးကို ကြီးမားတာကို ကျွန်မတွေ့လိုက်ရပါတယ်။ တကယ်တော့ သူတို့ တစ်ခါပဲ ဆုံဖူးကြတာပါ။ ဒါပေမယ့် တနေ့ကို ၃၊၄ ခါထက်မနည်း ဖုန်းပြောဖြစ်ကြပါတယ်။ အဲဒါကလည်း သူမရဲ့ အစ်ကို အားတဲ့ အချိန်တွေမှာပါပဲ။ ဇာခြည့်ရဲ့ အစ်ကိုဟာ မိသားစုအပေါ်မှာ အတော့်ကို တာဝန်ကျေပွန်လှတဲ့ ခင်ပွန်းကောင်းတစ်ဦး၊ ဖခင်ကောင်းတစ်ဦးပါပဲ။ ပြီးတော့ လူကောင်းတစ်ဦးပါ။ သူကပြသာနာ မတက်အောင်လည်း ကြိုတင်စဉ်းစားထားတတ်သူပါ။ သူလုံးဝ အားတဲ့ အချိန် (ဥပမာ – သူတနေရာကနေ တနေရာကို နေ့စဉ် ကားမောင်းသွားရတဲ့ အချိန်) တွေမှာသာ ဇာခြည်နဲ့ ဖုန်းပြောများကြပါတယ်။

ဇာခြည်ဟာ ပထမတော့ family ရှိတဲ့ အစ်ကိုရဲ့ပက်သက်လာမှုကို တတ်နိုင်သလောက် ရှောင်ခဲ့ပေမယ့် ညီမလေး အရင်းလိုခင်တာပါဆိုတဲ့ အစ်ကို့ရဲ့ခင်မင်မှုတွေကို ကြာကြာမရှောင်နိုင်ခဲ့ပါဘူး။ အဲဒီကနေ လတွေကြာလာတော့လည်း အရင်းနှီးဆုံး ရင်ဖွင့်ဖော်တွေ အဖြစ်ပြောင်းလဲခဲ့ပါတယ်။

ဇာခြည့်ရဲ့အစ်ကိုဟာ ဇာခြည်မကြိုက်တဲ့ လက်ရှိမိသားစု မကောင်းကြောင်းကို မပြောခဲ့သလို၊ သူ့စကားကို အမြဲနားထောင်ပြီး၊ သူ့အကြံညာဏ်ကို အမြဲလေးစားတဲ့ ဇာခြည့်ကိုသာ လောကကြီးမှာ အချစ်ဆုံးလို့ ဆိုတာကိုလည်း မဖြစ်နိုင်မှန်းသိပေမယ့် ဇာခြည်ယုံကြည်လာခဲ့မိပါတယ်။ နောင်ဘဝဆိုတာသာရှိခဲ့ရင် ဇာခြည်နဲ့သာ ဆုံတွေ့ပါရစေလို့ ဆုတောင်းလေ့ရှိတဲ့ အစ်ကို့ကို သံယောဇဉ်နဲ့ တွယ်ညိမှုတွေ ပိုခဲ့ရသလို၊ ဇာခြည့်ရဲ့ Every Single Detail ကို လိုက်ပါ ခံစားနားလည်ပေးတတ်လို့လည်း နောက်ပိုင်းမှာတော့ အချစ်ပိုခဲ့ရပါတော့တယ်။

အဲလို ကိစ္စတွေကို အင်မတန်ရှုံ့ချတဲ့ ကျွန်မအဖို့ ဇာခြည့်ကို အလွန်ဒေါသထွက်ပေမယ့်လည်း သူမရဲ့ အစ်ကိုက “သူ့ Family ကိုတော့ ထိခိုက်မခံပါဘူး” လို့ တရားဝင် ကြွေးကျော်ထားလို့ “သူကများ” ဆိုပြီး အင်မတန်ဒေါသထွက်ပေမယ့်လည်း တစ်ဖက်ကတော့ စိတ်နည်းနည်းအေးရပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းဟာလည်း သူများ Family ကို ထိခိုက်အောင် မိုက်မဲမယ့်သူ မဟုတ်တာကိုတော့ ကျွန်မအသေအချာသိနေပါတယ်။ ပြီးတော့ သူတို့နှစ်ဦး တစ်မြို့စီဖြစ်နေတာကိုကလည်း ဇာခြည့်အတွက်တော့ ကံတရားတစ်ခုပါပဲ။

ဒါပေမယ့် ကျွန်မဇာခြည့်ကို အဲလိုဘဝမှာ နေနေတာကိုတော့ ဘယ်လိုမှလက်ခံပေးလို့ မရပါဘူး။ ကျွန်မ တဲ့တိုးရော၊ သွယ်ဝှက်ပြီးပါ အမျိုးမျိုး စကားလုံးတွေနဲ့ ဖြောင်းဖျခဲ့၊ တားခဲ့ပေမယ့် “ဟုတ်ကဲ့ပါ။” “ဇာခြည်လုပ်နေတာတွေ မကောင်းမှန်းသိပါတယ်။” “ဇာခြည်အခု ရှောင်ဖို့ ကြိုးစားနေပါတယ်။” “ဇာခြည်လုပ်နေတာတွေကိုလည်း နောင်ဘဝမှာ ပြန်ပေးဆပ်မှာပါ” ဆိုတာတွေနဲ့သာ ကျွန်မသာစိတ်ဆိုး၊ စိတ်တိုပြီး အမြဲကျန်ခဲ့ရပါတယ်။

ရှောင်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ဇာခြည်ဟာ သူမအစ်ကိုနဲ့များ တစ်ရက်လောက် ဖုန်း အဆက်အသွယ် ပြတ်သွားရင် လောကကြီးနဲ့ အဝေးဆုံးကို ရောက်သွားသလိုပါပဲ။ ခပ်ဝေးဝေးနေဖို့ ကြိုးစားနေတဲ့ ဇာခြည်တစ်ယောက် အလုပ်ကိစ္စနဲ့ oversea သွားရတဲ့အခါမှာတော့ တနေ့တခါမပျက်ဖုန်းဆက်ပြီး သူမအတွက် ပူပေးနေတဲ့ အစ်ကို့ကို ဘယ်လိုမှ မဖြတ်နိုင်ပြန်ပါဘူး။

ကျွန်မ သေချာလာတာကတော့ ဇာခြည့်ဘက်ကတော့ ဘယ်တော့မှ စပြီးပျက်နိုင်မှာ မဟုတ်တာပါပဲ။ အဲဒီတော့ သူမရဲ့ အစ်ကိုဘက်က ပြောင်းလဲမှုကိုပဲ ကျွန်မ မျှော်လင့်နေရတော့မှာပါပဲ။
ကျွန်မထင်ထားသလိုပါပဲ သူတို့ရဲ့ communication ကတော့ နည်းနည်း အေးစက်လာစပြုပါပြီ။ ဒီကြားထဲမှာတော့ ဇာခြည်ရင်ဖွင့်ဖို့ ပြသာနာတွေ ကြုံလာတဲ့ အချိန်တွေမှာ သူမရဲ့ အစ်ကိုက မအားတာတွေ များလာပါပြီ။ မိသားစုအပေါ်မှာ အင်မတန် တာဝန်ကျေပွန်လှတဲ့ သူမရဲ့ အစ်ကိုကိုတော့ ဇာခြည်ကတော့ U Tight Schedule လို့ အမည်တပ်ထားပေမယ့် ချစ်နေဆဲပါပဲ။

တနေ့မှာတော့ သူမအစ်ကို့ရဲ့ Lady ဟာ သားအိမ်ရောဂါတခုနဲ့ Operation လုပ်ဖို့ အကြောင်းပေါ်လာပါတယ်။ ဇာခြည့်ကိုလည်း ဒီရက်တွေမှာ ဘယ်လိုမှ မအားလို့ အဆက်အသွယ် မလုပ်နိုင်သေးတဲ့ အကြောင်း၊ သူဘယ်လိုတွေ ဖြစ်နေတယ်၊ ဘယ်ဆရာဝန်တွေနဲ့ ဘယ်လို လိုက်လုပ်နေရတယ် ဆိုတဲ့အကြောင်းနဲ့ ဒီရက်တွေမှာ နားလည်ပေးဖို့တော့ ဖုန်းဆက်လာပါတယ်။

သူမရဲ့ အစ်ကိုဟာ တကယ့်တကယ်ကျတော့ အလွန် ပြာယာခက်လောက်အောင်ကို ပူလောင်နေတာကို ဇာခြည်တွေ့လိုက်ရပါတယ်။ ပထမတော့ ကင်ဆာထင်ပြီး သူမရဲ့ အစ်ကိုဟာ ဆောက်တည်ရာမရ ဖြစ်နေခဲ့ပါတယ်။ ကင်ဆာတော့ မဟုတ်ခဲ့ပါဘူး။ ဆေးရုံမှာ တစ်ရက်မပျက်အနားမှာ စောင့်ပြီး ပူနေတဲ့ သူမအစ်ကိုရဲ့ သံယောဇဉ်ကို ဇာခြည်ကောင်းကောင်း နားလည်လာမိပါတယ်။
သူမရဲ့ အစ်ကို့ကို သိပ်မစိုးရိမ်ဖို့၊ စိတ်အေးအေးထားဖို့ ဇာခြည်ကြိုးစားနားချနေပေမယ့် တချိန်တည်းမှာပဲ အစ်ကို့ရဲ့ lady ပေါ်မှာ ချစ်တဲ့ အချစ်ကိုတကယ့်ကို ခံစားသိရှိလိုက်ပါတယ်။ မနာလိုတာလည်း မဟုတ်တဲ့ ပြောပြရခက်ခဲတဲ့ ခံစားမှုတခုနဲ့အတူ ဝမ်းနည်း၊ ဝမ်းသာ ခံစားချက်တခုပါပဲ။

ဇာခြည်နားလည်မိလိုက်ပါပြီ။ ဇာခြည့်မေ့ထားမိတဲ့ လက်ရှိ အနေအထား၊ ဇာခြည့်ရဲ့ အခြေအနေနဲ့ ရောက်မှန်းမသိ ဝင်ရောက်မိသွားတဲ့ အမှောင်ထုတခုရယ်၊ ပြီးတော့ တကယ့် လက်တွေ့ဘဝစစ်စစ်တခုရယ်ကိုပါ။

အဲဒီအချိန်မှာပဲ တိုက်ဆိုင်မှုကတော့ ဇာခြည်ဟာ လည်ပင်းက အကြိပ်ကြောင့် ဆေးရုံတက်ပြီး Operation လုပ်နေရတာကိုတော့ Lady ကြောင့် စိတ်ပူနေတဲ့ အစ်ကို့ကို မပြောပြဖြစ်လိုက်တော့ပါဘူး။

ဘာလို့လည်းဆိုတော့ ဇာခြည်အမှန်တရားတခုရဲ့ အလင်းရောင် တခုကို ကောင်းကောင်းလှမ်းတွေ့လိုက်မိလို့ပါ။ ဇာခြည်တစ်ယောက်အမှောင်ထု တခုထဲကနေ အလင်းတန်းတခုကို မြင်မိပါပြီ။

**ကျွန်မချစ်တဲ့ မိန်းကလေးတစ်ယောက် သူမရဲ့ ကိုယ်ပိုင် အသိနဲ့ပဲ သူမကိုယ်တိုင် အမှောင်ထု တခုတည်းကနေ ပြန်လည်ရုံးထွက်လိုက်နိုင်ခဲ့ပါပြီ။။။။။။

28 comments

  • Kyaw Myo Thet

    September 17, 2012 at 10:45 pm

    ဆက်လက်ကြိုးစားပေးပါဦ။

    Reply

    • TheWinner

      September 18, 2012 at 4:30 pm

      ဟုတ် – ဆက်ကြိုးစားကြည့်ပါမယ်။

      Reply

  • kyeemite

    September 18, 2012 at 1:11 pm

    ဇတ်လမ်းလေးရော
    အရေးအသားလေးရော
    ကောင်းပါ့ဗျာ…

    Reply

    • TheWinner

      September 18, 2012 at 4:29 pm

      ဟုတ်ဟုတ်– ဆက်ကြိုးစားကြည့်ပါ့မယ်။

      Reply

      • TheWinner

        September 18, 2012 at 4:53 pm

        စောရီးနော် ဦးကြီးမိုက် – အပေါ်က comment က Duplicate ဖြစ်သွားလို့ပါ။
        အားပေးတာ ကျေးဇူးပါနော်။

        Reply

  • Crystalline

    September 18, 2012 at 3:27 pm

    ပညာပေးဇာတ်လမ်းကောင်းလေးတပုဒ်အတွက် ကျေးဇူးပါ. ဇာတ်လမ်းလေးထဲက အဖြစ်မျိုးအပြင်မှာကနေတဲ့သူတွေလည်းဖတ်မိပြီးအမြင်မှန်ရပါစေ.

    Reply

    • TheWinner

      September 18, 2012 at 4:33 pm

      အမှန်ပါပဲရှင်- တကယ့်အပြင်မှာလည်း သာယာမိနေတဲ့ မိန်းကလေးတွေ အများကြီးပါ- သူတို့ကိုလည်း ဇာခြည့်လို ရုံးထွက်နိုင်စေချင်ပါတယ်။

      Reply

  • Phaung Phaung

    September 18, 2012 at 3:57 pm

    သူငယ်ချင်းဟာတကယ့်ကိုရင့်ကျက်တဲ့သူပါပဲ…. ကိုယ်တိုင်အမှားကိုမြင်နိုင်စွမ်းရှိတဲ့သူပါပဲ။
    လေးစားပါတယ်။

    Reply

    • TheWinner

      September 18, 2012 at 4:36 pm

      ကျေးဇူးပါ phaung2 ရယ်။ သူ့မအမှားကို သူမကိုယ်တိုင်သိသလိုပဲ အပြင်က မိန်းကလေးတွေလည်းသိစေချင်ပါတယ်။

      Reply

  • Shwe Tike Soe

    September 18, 2012 at 4:03 pm

    အရေးအသားလေး လေးစားမိသဗျာ…. အားပေးသွားပါတယ် ဗျ..
    ဆက်လက်ရေးပေးပါအုံး မြန်မာမိန်းခလေးတွေ နမူနာယူစရာလေးတွေ နဲ. အမှန်တကယ်အားကျအတုယူရမယ် နည်းနာလေးတွေ ဆိုရင် အရမ်းကောင်းမှာပါ……………

    Reply

    • TheWinner

      September 18, 2012 at 4:41 pm

      အားပေးတာ ကျေးဇူးပါ ဦးတိုက်ရယ်။ ဆက်ရေးနိုင်ဖို့ ကြိုးစားပါ့မယ်။

      Reply

  • လုံမလေး မွန်မွန်

    September 18, 2012 at 4:20 pm

    အေးမြတဲ့သံယောဇဉ်ဆိုတဲ့အရာက တကယ်တမ်းချည်နှောင်ခံလိုက်ရပြီဆိုရင် ရုန်းထွက်ဖို့ ခက်တတ်ပါတယ်။
    ကိုယ့်အပေါ်ကောင်းတဲ့သူတစ်ယောက်ကို ရရှိလာတဲ့အခါမှာ မက်မောတတ်ကြတာကိုလည်း ကိုယ်ချင်းစာမိပါတယ်။

    ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်ရပ်မျိုးလေးကို အရေးအသားကောင်းကောင်းနဲ့ တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… မိန်းကလေးတွေအတွက်တော့ တကယ့်ပညာပေးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ…

    Reply

  • TheWinner

    September 18, 2012 at 4:44 pm

    အမှန်ပါပဲ မွန်မွန်ရယ်။ များသောအားဖြင့် မိန်းကလေးတွေဟာ အဲဒီ သံယောဇဉ်ကြောင့် မှားမိကြတာပါ။ ဒါပေမယ့် တကယ်ဖြစ်သင့်၊ မဖြစ်သင့်ကိုတော့ ကိုယ်ပိုင်အသိဆိုတဲ့ချွန်းနဲ့ပဲ ပြန်အုပ်ရမှာပါ။
    အမတို့ မြန်မာအမျိုးကောင်းသမီးလေးတွေအတွက် နည်းနည်းလောက် အထောက်အပံ့ဖြစ်ရင် ကြိုးစားရကျိုး နပ်ပါတယ်။

    Reply

  • မောင်ပေ

    September 18, 2012 at 7:48 pm

    ဇာခြည့်ဘက်က နားလည်ပြီး နောက်ဆုတ်ခဲ့တာ ၊ သိပ်ဖြစ်သင့်တဲ့ အကြောင်းတစ်ခုပါပဲ
    ယောက်ျားဆိုတာမျိုးက ကိုယ့်မိသားစု မပြိုကွဲအောင် အတတ်နိုင်ဆုံး ထိန်းကြတယ် ဆိုပေမယ့် ၊ အလကားရရင်တော့ တစ်ချီ တစ်မောင်းလောက်တော့ ဆွဲတတ်ကြတာကိုး
    ကိုဝင်းနားဂတ်ပရိုက် ရေ ပေါ့ပေါ့ပါးပါး ဖတ်ရှုခံစားသွားပါတယ်ဗျို ့

    Reply

    • TheWinner

      September 19, 2012 at 9:53 am

      ကိုပေကြီးရှင့်၊ အားပေးတာ ကျေးဇူးပါနော်။ နောင်ဆိုရင်တော့ “ကိုဝင်းနား” လို့ မခေါ်နဲ့တော့နော်။

      Reply

  • ရွှေ ကြည်

    September 19, 2012 at 11:07 am

    ရွှေကြည်အသိထဲမှာတယောက်ရှိတယ် သူ့ကိုစကားသိပ်မပြောဖြစ်တော့ပါဘူး။ စိတ်ပျက်လို့။
    အသက်အရွယ်ကလဲရနေပါပြီ။ တကယ်ဆိုကိုယ်ချင်းလေးပဲစာကြည့်ပါ ကိုယ့်ချစ်သူ ကိုယ့်ယောက်ျားသာဆို
    ကိုယ်ဘယ်လိုခံစားရမလဲပေါ့။ မိသားစုရှိတာမသိလို့ဆိုထားပါတော့ အခုတော့။
    တကယ့်ကိုအချစ်စစ်ကြီးဆိုရင်လဲပေါ့ ကင်းကင်းရှင်းရှင်းဖြစ်မှဆက်တွဲစေချင်တာ ကင်းရှင်းဖို့ဆိုတာကလည်း
    သူများမိသားစုကိုယ့်ကြောင့်ပြိုကွဲပြီဆိုမကောင်းတော့ဘူးလေ။ မိန်းကလေးတယောက်ရဲ့အရှက် မျက်ရည်တွေနဲ့ လဲယူရမယ့်ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုရင်ရွှေကြည်ကတော့ ဝေးစွပါပဲ။ အသဲကွဲလို့လဲသေရင်သေပါစေ။ အခုပို့စ်မှာတော့ဇာခြည်ကံကောင်းတာပေါ့ ရုန်းထွက်သွားနိုင်တယ်။
    ရွှေကြည်အသိကတော့ အခုထိကိုမိုက်လုံးကြီးနေတုန်း။

    Reply

    • TheWinner

      September 19, 2012 at 2:10 pm

      ရွှေကြည်ရဲ့ အသိကိုလည်း အမှန်တရားကို မြင်စေချင်ပါတယ်။ အဲဒီအမျိုးသားတွေခေါ်ကြတဲ့ Attachment မှာ Sponsor မဟုတ်တဲ့ မြန်မာအမျိုးကောင်းသမီးလေးတွေ မသာယာမိကြဖို့ အရမ်းအရေးကြီးတယ်နော်။

      Reply

  • garuda

    September 19, 2012 at 2:37 pm

    မြန်မာမိန်းကလေး တွေမှာအဲဒီလိုအဖြစ်မျိုးတွေ အများအပြားတွေ့ရတယ်။ ထစ်ခနဲဆိုရင် ယုံလွယ် သနားလွယ်တယ်။ စိတ်ပျော့တယ်လို့ပဲ ပြောမလား။ ယဉ်ကျေးမှုကြောင့်လား မှားယွင်းတဲ့ ဂရုဏာတရားလားတော့မသိ။

    Reply

    • TheWinner

      September 19, 2012 at 4:06 pm

      ဂရုဓရေ၊
      အမှန်တော့ မြန်မာမိန်းကလေးတွေမှာမှ မဟုတ်ပါဘူး။ Hollywood ကားတွေရော၊ အာရှက ဇာတ်လမ်းတွေမှာ တွေ့နေရတတ်တာတွေကို ကြည့်ချင်းအားဖြင့် ဖြစ်တတ်လေ့ရှိတယ်လို့ ပြောရမှာပါပဲ။ တချို့ကကျတော့လည်း မဖြစ်နိုင်မှန်း၊ မယုံရမှန်းသိပေမယ့် စိတ်စေရာနောက်ကို ပါသွားမိတတ်ကြတာပါ။

      Reply

      • garuda

        September 20, 2012 at 4:14 pm

        TheWinner ခင်ဗျား..ကျေးဇူးပါ။ ဒါပေမဲ့ ကျွန်တော့်ကို မြန်မာ အမျိုးသမီးများ အပေါ်မကောင်းတဲ့ အမြင်ရှိတယ်လို့ မထင်စေချင်ပါ။ အမှန်တော့ ကျွန်တော်က ကိုယ့် နိုင်ငံက အမျိုးသမီးများ အတွက် မချိတင်ကဲ အားမရဖြစ်မိလို့ပါ။ အခုတော့ ဘာမှဝင်မပြောတော့ပါဘူး။ကျွန်တော်က အကြောင်းအရာတစ်ခု ပြောချင်ရင် မပြီးတော့ပဲ လျှာရှည်တတ်လွန်းလို့ 😀 …။ ခေါင်းစဉ် တစ်ခုအနေနဲ့ မြန်မာအမျိုးသမီးများ စိတ်ဓာတ်ကြံခိုင်ဖွံ့ဖြိုးတိုးတက်ရေး…ပညာရေး..လူမှုရေး အမြင်များ စသည်ဖြင့်…ကြီးကြီးမားမား စတင်ဆွေးနွေးမှု ရှိခဲ့ရင်တော့ ဝင်
        ရောက်ဆွေးနွေးချင်ပါတယ်။ မြန်မာပြည်မှာ အမျိုးသမီးကများတယ်လေ..။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ အဲဒီအမျိူးသမီးထုကို ကြံခိုင်အောင် မလုပ်ပေးနိုင်ရင် အများကြီးနှောင့်နှေးပါလိမ့်မယ်။ တကယ်တော့ အမျိုးသမီးတော်တော်များများဟာ စဉ်းစားဉာဏ်/ဆင်ခြင်နိုင် မှုမှာ ယောကျာ်းတွေထက် အများကြီးသာပါတယ်။ နိုင်ငံတော်တော် များများမှာလည်း အမျိုးသမီးတော်တော်များများ ဟာ ယောက်ျား တွေနဲ့ ယှဉ်ဘောင်တန်းနိုင်ရုံမက နိုင်ငံရေး/စီးပွားရေး/လူမှုရေးတွေမှာ ထူးချွန်စွာ အုပ်ချုပ် လုပ်ကိုင်နေတာပါတွေ့ရတယ်။ကျွန်တော် တခါက ဖေ့ဘွတ်မှာ နိုင်ငံခြားက မြန်မာမွတ်စလင်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်က polygamy ဟာ( မြန်မာ
        မိန်းကလေးတွေ အဖေမပေါ်ပဲမွေးတာ၊ သူများမယားငယ်ဖြစ်နေရတာနဲ့စာရင်).. ယောက်ျားဖြစ်သူက ကျွေးနိုင်လို့ ယူတာဖြစ်တဲ့ အတွက် ပိုကောင်းတဲ့ ပုံစံမျိုးကွန်မန့်ပေးထား တာတွေ့ဖူးတယ်။ အမှန်တော့ သူက မြန်မာနိုင်ငံရဲ့အခြေနေကိုသိတဲ့ အတွက် အားကိုးရှာတတ်တဲ့ မြန်မာအမျိုးသမီးများကို သွယ်ဝိုက်ပီး ဘာသာရေးအရ သိမ်းသွင်းတဲ့ သဘောမျိုးရေးထားတာလို့ ကျွန်တော်ထင်တယ်။ တနေ့နေ့တော့ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ အကြောင်းအရာများအား ဂေဇက်မှာ ပိုစ့်တစ်ခု အနေနဲ့ ရေရှည်ဆွေးနွေးနိုင်ရင်ကောင်းမယ် ထင်ပါတယ်။ တကယ်ပါ အမျိုးသမီးနဲ့ ကလေးများ ကို စိတ်ရောကိုယ်ပါ တိုးတက်အောင် မလုပ်ပေးပဲ ငါဟဲ့ယောက်ျား ငါ့ကိုသာအားကိုးကြ ဆိုတဲ့ အမျိုးသားတွေများနေ သရွေ့တော့ ဘာမှပြောင်းလည်းလာမှာ မဟုတ်ပါ။ ဟင်္သာကြီး ကိုမိုးသီးလို ပြောရရင်တော့ empowerment လိုတာပေါ့ဗျာ ဟဲဟဲ။ ပြောရင်းနဲ့တောင် တော်တော်ရှည်သွားပြီထင်တယ်..။ the end…..

        Reply

        • TheWinner

          September 21, 2012 at 10:04 am

          ကိုဂရုဓရှင့်၊ အခုလို အရှည်ကြီးပြန်ပြီး ဆွေးနွေးပေးတာ ကျေးဇူးပါပဲ။ ကိုဂရုဓပြောသလို မြန်မာအမျိုးသမီးတွေရဲ့ Attitude Concept နဲ့ပက်သက်ပြီး ဆွေးနွေးနိုင်ကြရင် ပိုကောင်းမယ်နော်။ Attitude ရဲ့ နောက်မှာပဲ ပညာရေး၊ လူမှုရေးအမြင်တွေလည်း တွဲပါလာမှာပါ။

  • Wow

    September 19, 2012 at 2:52 pm

    Research data တွေအရ…
    Some 2011 estimates put population at 53,999,804
    Males : 26.8 million or 49%
    Female : 27.2 million or 51 %
    (Yangon population 2012 est. – 4,528,000)
    ဒီတော့ကာ ဒီလိုကိစ္စမျိုးဒွေရှိတတ်ပါတယ် လို့ပဲပြောပြန်ရင်လည်း သူများခံစားချက်မစာနာရာကျမယ်… :eee:
    ဘီလိုပဲဖြစ်ဖြစ် မြန်မာ အနောက်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသများက Human Traffic များကလည်း population ပလုံပလုံတစ်ခုပါပဲ…
    :bar: :gee: :byae:

    Reply

    • TheWinner

      September 19, 2012 at 4:14 pm

      wow ရှင့်၊
      ရန်ကုန်က အခုတကယ်မှာ 6 million ကျော်သွားပါပြီရှင့်။
      ဖြစ်လေ့ဖြစ်ထရှိတဲ့အထဲမှာ မြန်မာအမျိုးကောင်းသမီးလေးတွေကိုတော့ မပါစေချင်တာ စိတ်ရင်းနဲ့ပါ။

      Reply

  • etone

    September 19, 2012 at 4:54 pm

    မဖြစ်နိုင်ဘူးလို့ …. လှေနံ ဓါးထစ် တွေးထားခဲ့တဲ့ .. ကိစ္စတွေ … ယုတ္တိမရှိဘူးတသက်လုံးဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စတွေ ….. တကယ်ဖြစ်လာတတ်ပါတယ် … ။ အဲ့ဒါမျိုး မြင်တွေ ကြုံလာပြီးနောက်ပိုင်း ကိုယ်တိုင်တောင် … စကားကုန် ၊ အဆုံးစွန်ရောက်အောင်ပြောတတ်တဲ့ အလေ့ကျင့်လေးကို ဖျောက်ရပါတော့တယ် …. :harr:

    ယောကျာ်းဆိုတဲ့ အမျိုးက … ဘေးမှာ မိန်းမ(ချစ်သူ၊ရည်းစား ၊သူငယ်ချင်းဆို ပိုဆိုးသေး) ပါလာလျှင်တောင် တွေ့သမျှ လှတပတလေးကို …. လမ်းကြုံလို့ ကြည့်တတ်တာမျိုးပါ ။ တစ်ခါတစ်လေ အိမ်မှာ စိတ်ဖိစီးမှုတွေ များနေမယ် …. ။ အိမ်ထောင်ရေး မသာယာဘူးဆိုလျှင် …. အပြင်မှာ အပျော်ရှာတွဲတတ်ကြပြန်ပါသေးတယ် ။ တချို့ကလည်း တကယ်ငြိလို့ အိမ်ထောင်ရေး အပြိုကွဲ ခံလိုက်သူတွေ ရှိသလို ၊ အများစုကတော့ အချိန်တန်လျှင် အိမ်ပြန်ကြတာချည်းပါပဲ ….. ။ အိမ်ထောင်တစ်ခု ဖြစ်ပြီးပြီဆိုလျှင် …. တစ်ခါတစ်လေ ..အ ချစ်တွေ ကုန်ခမ်းနေလျှင်တောင်မှ ၊ သားသမီး ၊ နှစ်ဘက်မိဘ ၊ လှူမှူ ပတ်ဝန်းကျင် စတာတွေကို ငဲ့ပြီး တော်တော်နဲ့ ပြိုကွဲမလွယ်ကြပါဘူး …. ။

    ဘယ်သူမသိ .. မိမိမှုပါပဲ .. နယ်ကျွံနေတဲ့ အချစ်က .. အခုအချိန်မှာ စွဲလန်းမှု တစ်ခု အနေနဲ့ပဲ ရှိသေးတယ် …. ။ သူများ အိမ်ထောင်ရေး ပျက်ဆီးစေတဲ့ တရား ခံအဖြစ်မရောက်သေးတာကိုပဲ …. ဝမ်းသာရမှာပါလေ ။
    🙄

    Reply

  • TheWinner

    September 19, 2012 at 6:04 pm

    ဟုတ်ပါတယ် မအိတုန်း၊
    အိမ်ထောင်တခုမှာ အဆင်မပြေတာတွေ များကြပေမယ့် ကွေးသောလက်မဆံ့ဖို့ ထိမ်းကြတာပါပဲ။ မြန်မာအမျိုးသမီးကောင်းတွေကတော့ သားသမီးနဲ့ စိတ်ကိုဖြေပေမယ့် အချို့သော အိမ်ထောင်ရှင် အမျိုးသားတွေကတော့ အပျော်ရှာကြတာပါပဲ။ အချို့ပြောတာပါနော်။ တော်ကြာ M-G မှာ ကျား၊မ တွေ သဘောထားကွဲလာဦးမယ်နော်။

    Reply

  • တစ်ခါတစ်လေမှာ သူစိမ်းနှစ်ဦး စကားတွေပြောကြ ရင်ဖွင့်ကြ သံယောဇဉ်တွယ်တာကြာတာမျုိုးက ရှိတတ်ပါတယ်။
    လက်ရှိအခက်အခဲတွေ အပူတွေက နေ နေရာသစ်လေးတစ်ခုထဲကို ပြေးဝင်ပြီး ခိုလှုံကြ တဲ့သဘောပါဘဲ.။
    တနည်းပြောရရင် ယာယီ အိုအေစစ် ကလေးတစ်ခုဖန်တီးသလိုပေါ့.
    ကျားနဲ့ မဒီလိုစကားတွေအမြဲပြောနေဆက်သွယ်နေလို့လဲ ဒီနှစ်ယောက်ဖောက်ပြန်တယ်လို့ ပြောလို့လဲမရနိုင်ပါဘူး။.
    ဒါပေမယ့်လဲ တစ်ချို့တစ်လေကတော့ နယ်ကျွံသွားကြတာမျုးိလဲရှိနိုင်ပါရဲ့။
    သေချာတာကတော့လောကကြီးမှာ လူတစ်ယောက်အတွက် လူတကာကိုပြောမရတဲ့ အကြောင်းတွေကို စိတ်ချစွာ ရင်ဖွင့်စရာ ခိုနားစရာအရိပ်ကလေး
    အပူတွေက ကူမျှခံစားပေးမယ်သူ ဖြေသိမ့်ပေးမယ်လူလိုအပ်တာအမှန်ပါဘဲ။
    ဒါကိုဖောက်ပြန်နေတယ်လို့ပြောရင် မှားပါမယ်။
    ဒါကတော့ ကျနော်အတွေးပါးပါးလေးဆိုတော့ သူများနဲ့ တို်က်ဆိုင်ချင်မှလဲတိုက်ဆိုင်မယ်လေ။
    (တစ်ခုတော့ရှိပါတယ် အိမ်ကမိန်းမ မကောင်းကြောင်းပြောပြီး ကျူတဲ့လူစားကတော့ ကျနော်ပြောတဲ့အတန်းအစား ထဲမှာမပါဘူး။ အဲလိုကောင်က တဏှာရူးကောင် လောကမှမရှိသင့်တဲ့လူတန်းစားပါ)

    Reply

    • ရွှေ ကြည်

      September 20, 2012 at 5:25 pm

      လေးပေါက်ရေ ရွှေကြည်အသိနဲ့ပတ်သက်တဲ့ သူကတော့သူ့အိမ်ထောင်ရေးမပြေလည်ဘူး
      သူ့မိန်းမကိုလည်းသံယောဇဉ်သိပ်မရှိတော့ဘူး အဲလိုပြောပြီးတိုင်ပင်ရင်ဖွင့်ပါသတဲ့။
      ပြီးတော့ သူတို့နှစ်ယောက်က တရားဝင်သမီးရည်းစားကိုဖြစ်နေကြတာလေးပေါက်ရေ..။
      လေးပေါက်ပြောတဲ့ ကျူစားတဲ့လူမျိုးဖြစ်မယ် သူက ပိုက်ဆံကအစအကူအညီတောင်းနေတာလေ..။

      Reply

    • TheWinner

      September 21, 2012 at 10:30 am

      လေးပေါက်ပြောပြတာ အမှန်ပါပဲ။ ကျွန်မလည်း အဲလို လက်ခံထားမိပါတယ်။
      ဒီဇာတ်လမ်းလေးထဲက ဇာခြည်နဲ့ အစ်ကိုတို့က သူ့တို့ရဲ့ အရင်းနှီးဆုံးသော ရင်ဖွင့်ဖော်အဖြစ်နဲ့ သံယောဇဉ်ဖြစ်ခဲ့တာပါ။ လေးပေါက်တင်စားတဲ့ ယာယီအိုအေစစ်လေးပေါ့။ ဒါပေမယ့်လည်း ကျားနဲ့မ ရင်းနှီးလွန်းလာတဲ့အခါမှာ ကာယကံမြောက် မဖောက်ပြန်မိပေမယ့် အတိုင်းအတာအထိတော့ ရင်းနှီးသွားကျတာပါပဲ။

      အမျိုးသားရဲ့ Lady နေရာကနေ ခံစားကြည့်ရင်ရောတဲ့ – မိန်းကလေးချင်းကိုယ်ချင်းစာပေးရရင် ဘယ်လိုမှ လက်မခံနိုင်မှာ မဟုတ်ပါဘူး။ အဲလိုပဲ ကျွန်မရဲ့အမျိုးသားဆိုရင်လည်း ကျွန်မက သူမဟုတ်တဲ့ အခြားအမျိုးသားတဦးနဲ့ ရင်ဖွင့်ဖော်ဖြစ်နေတာကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။

      ဇာခြည့်ဘက်ကရောတဲ့ – ရင်ဖွင့်ဖော်ကနေ သံယောဇဉ်ဆိုတာနဲ့ တွယ်ညိမှုလည်း ပါလာရော လောဘဆိုတာ ဒွန်တွဲလာတတ်တယ်လေ- လောဘရဲ့နောက်မှာတော့ မလိုလားအပ်တာတွေ ဖြစ်လာနိုင်တော့တာပေါ့။

      ဇာခြည်ရှေ့ဆက်သွားရင် – ယာယီအိုအေစစ်လေးကနေ အဲဒီအစ်ကိုအတွက်လည်း ပူလောင်မှုဆိုတာ ဖြစ်လာတော့မှာပေါ့။

      ူဒီတော့ လေးပေါက်ပြောတဲ့ “ယာယီ” ဆိုတာ အင်မတန်မှန်ကန်သင့်တော်သော စကားလုံးလေးပါ။

      For Life ဆိုတာကတော့ စိတ်ကူးယဉ် သက်သက်ပါပဲ။

      လေးပေါက်ကို ငြင်းတာ မဟုတ်ပါဘူးနော်။

      Reply

Leave a Reply

Your email address will not be published.