ကာပယ်လိုရဲ့ နည်းဗျူဟာအောက်က အင်္ဂလန်

khinmintatthuJune 19, 20101min00

တောင်အာဖရိကမှာကျင်းပနေဆဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အခြေအနေအဆိုးဆုံးလို့ ဆိုရမယ့် အင်္ဂလန်အသင်းဟာ အုပ်စု (စီ)မှာကျရောက်လို့နေပါတယ်…. အုပ်စုတွင်းမှာ အင်္ဂလန်နဲ့အတူ အမေရိကန်၊ အယ်လ်ဂျီးရီးယား၊ ဆလိုဗေးနီးယားအသင်းတို့ တစ်အုပ်စုတည်းကျရောက်နေပေမယ့် အင်္ဂလန်အသင်းကတော့ အသင်းကြီးလို့ မဆိုနိုင်လောက်အောက် ခြေစွမ်းပိုင်းရော စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့အသင်းလို့ ဆိုရမယ်ထင်ပါတယ်…  အရင်ကတည်းက အသင်းခေါင်းဆောင်နေရာကို တယ်ရီကိုပေးလာခဲ့ပေမယ့် ကာပယ်လို လက်ထက်မှာတော့ အင်္ဂလန် အသင်းခေါင်းဆောင်နေရာ ကို စတီဗင်ဂျရတ်ကိုပေးခဲ့ရာမှာတော့ အင်္ဂလန်အသင်းဟာ ဖရိုဖရဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာတော့ အဆိုးဆုံးလို့ ပြောရမလိုပင်ဖြစ်နေပါတော့တယ်။

အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်ကတည်းက အမေရိကန်အသင်းကို သရေပွဲအဖြစ် ကစားနိုင်ခဲ့တဲ့ ခြေစွမ်းဟာ အတော်လေးကို ညံ့ဖျင်းပါတယ်… အဲဒီပွဲမှာ အမေရိကန်အသင်းရဲ့ ကစားပုံကလည်း အင်္ဂလန်အသင်းထက်တောင် အရမ်းကို ကောင်းခဲ့ပါတယ်။ အဲဒီသရေပွဲရလဒ် ကြောင့် အင်္ဂလန်အသင်းဟာ မျှော်မှန်းထားတာထက်တောင် အရမ်းကိုနိမ့်ကျခဲ့ပါတယ်။ ရေပန်းစားမှုအရှိဆုံး ကစားသမားအင်အားအတောင့်တင်းဆုံး အင်္ဂလန်အသင်းဟာ ပရိသတ်တွေရဲ့ အားပေးမှု၊ လေးစားမှု၊ အထင်ကြီးမှုတွေကို “သဲထဲရေသွန်”ဖြစ်သလို လုပ်လိုက်တာတော့ အင်္ဂလန်ကစားသမားတွေနဲ့ မဆိုင်လောက်ဘူးလို့တော့ ထင်မိပါတယ်… နည်းပြကာပယ်လိုလက်ထက်မှာ မဖြစ်သင့်တာတွေဖြစ်လာတာတွေက နည်းပြတစ်ယောက်ရဲ့ ညံ့ဖျင်းမှုတွေလား၊ အသင်းသားတွေရဲ့ စည်းကမ်းမလိုက်နာမှုတွေလား၊ ကြေးစားကစားသမားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေလားဆိုတာကတော့ ပြောမပြနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းပွဲထွက်ကစားသမားတွေကိုကြည့်မယ်ဆိုရင် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းကစားသမားတွေကို နေရာချထားပေးထာကတော့ ပြောစရာမဖြစ်ခဲ့ပေမယ့် အင်္ဂလန်အသင်းအတွက် ဂိုးသမားနေရာမှာ ရောဘတ်ဂရင်းကို ဦးစားပေးကစားခဲ့တဲ့ နေရာချမှုအတွက်ကတော့ ပြောစရာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါတယ်။  အဲဒီ ရောဘတ်ဂရင်းကို ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ အမေရိကန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ထုတ်သုံးခဲ့ပေမယ့် မှားတယ်မှန်တယ်ဆိုတာကို မသိသေးဘူး… ပွဲစကတည်းက အင်္ဂလန်အသင်းက အမေရိကန်အသင်းဘက်ကို ထိုးဖောက်ကစားခဲ့ပေမယ့် အင်္ဂလန်အသင်းဘက်သို့ အမေရိကန်အသင်း ထိုးဖောက်ကစားခဲ့ရာမှာလည်း အင်္ဂလန်အသင်းနောက်တန်း အသည်းအသန် ဖျက်ထုတ်ကစားခဲ့ရတယ်… အင်္ဂလန်အသင်းကလည်း ရှေ့လယ်နောက် ကစားကွက်ညီညီ ကစားနိုင်ခဲ့ရာကနေ အဖွင့်ဂိုးကို အသင်းခေါင်းဆောင်ဖြစ်တဲ့ လီဗာပူးအသင်းခေါင်းဆောင် ဂျရတ်က သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် အသင်းခေါင်းဆောင်ပီသတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဂျရတ်သွင်းယူပေးခဲ့တဲ့ ဂိုးကို အမေရိကန်အသင်းက ပြန်လည်ချေပနိုင်ခဲ့တယ်။ အဲဒီချေပဂိုးကို သွင်းယူလိုက်ချိန်မှာတော့ အင်္ဂလန်အသင်း ပရိသတ်တွေအားလုံး ရောဘတ်ဂရင်းအမှားလို့ အားလုံးရဲ့အမြင်မှာတော့ ပြောဆိုနေကြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အားလုံးရဲ့အမြင်တွေကလည်း မမှားဘူးလို့ ဆိုနိုင်ပေသည်။ ဘောလုံးပွဲတစ်ပွဲမှာ အသင်းကစားသမား ၁၁ ယောက်လုံး ကောင်းရုံနဲ့တင် မပြည့်စုံနိုင်ပါဘူး.. အသင်းကို အုပ်ချုပ်တဲ့ အသင်းခေါင်းဆောင်..အသင်းအုပ်ချုပ်သူ (အသင်းနည်းပြ) သည်သာ အဓိကလို့ ဆိုနိုင်ပေသည်။ ဘောလုံးကစားသမားတွေဆိုတာ စစ်တုရင်ခုံပေါ်က နယ်ရုပ်ကလေးတွေပါ… အဲဒီနယ်ရုပ်ကလေးတွေကို ရွှေ့တဲ့သူ၊ စစ်တုရင်ကို ကိုယ်တိုင်ကစားနေတဲ့သူတွေနဲ့သာ ဆိုင်တဲ့ ပုစ္ဆာလေးတစ်ခုပါ။ အသင်းတစ်သင်းလုံးကစားပုံ၊ ကစားကွက်ကောင်းဖို့၊ မကောင်းဖို့ဆိုတာ အသင်းအုပ်ချုပ်သူနဲ့သာ သက်ဆိုင်တယ်လို့ ဆိုချင်တာပါ။ အသင်းတစ်သင်းလုံးကို အုပ်ချုပ်ဖို့အတွက် လီဗာပူးအသင်းခေါင်းဆောင်ဂျရတ်ကို အသင်းခေါင်းဆောင်ရာထူးပေးတာကအစ သက်ဆိုင်ပါတယ်။ အသင်းတစ်သင်းလုံးကို အုပ်ချုပ်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံအရည်အချင်းနဲ့တော့ မရနိုင်ဘူးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ၂၀၀၆ ခုနှစ်မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အင်္ဂလန်အသင်းဆိုရင် အခုလောက်အခြေအနေမဆိုးရွားဘူးဆိုတာလည်း အင်္ဂလန်အသင်းကို အစဉ်တစိုက်အားပေးလာခဲ့တဲ့ ပရိသတ်ကြီးနားလည်သဘောပေါက်မှာပါ… အင်္ဂလန်အသင်း ယခုလိုအခြေအနေစိုးရွားလာခဲ့တာဟာ အင်္ဂလန်အသင်းကို ဦးဆောင်ကစားနေတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဂျရတ် ဦးဆောင်မှုမပြုနိုင်တာ၊ အင်္ဂလန်အသင်းကို နည်းစနစ်၊ ဗျူဟာပိုင်း သင်ကြားပေးနေတဲ့ အသင်းနည်းပြ ကာပယ်လိုရဲ့အပြစ်လားလို့ ဝေခွဲမရဖြစ်ချင် ဖြစ်နေမှာပါ။ နည်းပြကာပယ်လိုဆိုတာကလည်း အသင်းကြီးဖြစ်တဲ့ ရီးယဲလ်လိုအသင်းကို အုပ်ချုပ်ခဲ့တဲ့ နည်းပြတစ်ဦးပါ။ ကမ္ဘာ့ဖလားမစခင်ကတည်းက ကာပယ်လိုပြောဖူးတဲ့စကားကို အမှတ်ရမိတယ် “ဒီပွဲအတွက် အင်္ဂလန်က အဆင်သင့်ပါပဲ။ ပွဲဦးထွက် ပွဲစဉ်က ဘယ်တော့မဆို ခက်ခဲတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အရမ်းကို မျှော်လင့်ထားကြ လို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီကို ရောက်တာ ၈ရက် ရှိခဲ့ပါပြီ။ လေ့ကျင့်ရေး တွေလည်း ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး ယုံကြည်မှုလည်း ရှိနေပါပြီ။ ပရိသတ်တွေ ဘက်က မျှော်လင့်ချက်ဟာ အရမ်းကောင်းတဲ့ အရာ ဆိုတာ သိပါတယ်။ ဒါပေမယ့် အသင်း အနေနဲ့ ဗိုလ်လုပွဲ ရောက်မယ် ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဗိုလ်လုပွဲ ရောက်နိုင်တဲ့ လူစာရင်း ပိုင်ဆိုင် ထားတယ်ဆိုတာကို တကယ့်ကို ယုံကြည်ပါတယ်” ဆိုတဲ့စကားက မှားတယ်လို့ ဆိုရမှာလား။ မှန်တယ်လို့ပဲ ပြောရမလားဆိုတာ နောက်ဆုံးလက်ကျန်ပွဲကိုပဲ ကြည့်ရဖို့ပဲ ကျန်ရှိတော့တယ်။ နှစ်ပွဲကစားပြီးချိန်မှာ နှစ်မှတ်သာ ရရှိထားသေးတဲ့ အင်္ဂလန်အသင်းဟာ အားရဖို့မကောင်းခဲ့တာ ကတော့ အမှန်ပါပဲ။ အင်္ဂလန်အသင်းဟာ အမေရိကန်အသင်းကို သရေကျခဲ့တာ ခံသာခဲ့ပေမယ့် ဆလိုဗေးနီးယားအနိုင်ရရှိခဲ့တဲ့ အယ်လ်ဂျီးရီးယားအသင်းကို ထပ်မံသရေကျခဲ့တာကတော့ ခံပျင်းဖို့တော်တော်လေးကောင်းခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားအသင်းကလည်း ပထမဆုံးပွဲဦးထွက်အဖြစ် ဆလိုဗေးနီးယားအသင်းကို ကံဆိုးစွာ ရှုံးနိမ့်လာခဲ့တဲ့အတွက် အင်္ဂလန်လို အသင်းကြီးနဲ့တွေ့ရင် အများဆုံးသရေရရှိနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားကစားသွားခဲ့ပါတယ်။ အင်္ဂလန်လိုအသင်းကြီးတစ်သင်းကို လျင်လျင်မြန်မြန်ဖြင့် တိုက်စစ်ဆင်ကစားသွားခဲ့တဲ့ အယ်လ်ဂျီးရီးယားအသင်းကို အတော်လေးကို ချီးကျူးရမှာပါ။ အင်္ဂလန်အသင်းကလည်း အမေရိကန်နဲ့ ယှဉ်ပြိုင်ခဲ့စဉ်တုန်းက ခြေစွမ်းမျိုးမဟုတ်ဘဲ အတော်လေးကို ညံ့ဖျင်းခဲ့ပါတယ်။ တိုက်စစ်မှူးနေရာမှာ ကျောနံပါတ် (၂၁) ဟက်စကီးကိုထုတ်သုံးခဲ့ခြင်းဟာ တော်တော်လေးကိုမှားယွင်းခဲ့ပါတယ်။ တစ်ဖက်အသင်းလျင်လျင်မြန်မြန်ကစားနေချိန်မှာ ဟက်စကီးလို သက်ကြီးခြေကျကစားသမားဖြစ်တဲ့ ဟက်စကီးလိုကစားသမားမျိုးကို ထုတ်သုံးခဲ့ခြင်းဟာ ကာပယ်လိုရဲ့ ဒုတိယပွဲ၊ ဒုတိယအမှားပင်ဖြစ်ခဲ့ပါသည်။ ဟက်စကီးလိုကစားသမားနေရာမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ မိုက်ကယ်အိုဝင်၊ ဒါရင်းဘန့်တို့လို တိုက်စစ်မှူးတွေကို ချန်လှပ်ခဲ့ခြင်းမှာ ပိုလို့ပင်မှားယွင်းနေပါသေးသည်။ ပွဲကစားပြီး ကိုယ်ကိုယ်တိုင်သုံးလိုက်တဲ့တိုက်စစ်မှူးက အသုံးမတည့်ဘူးဆိုရင် အဲဒီတိုက်စစ်မှူးကို အခြားတိုက်စစ်မှူးတစ်ယောက်ယောက်နဲ့ လူစားလဲ ကစားသင့်ပါတယ်။ ဟက်စကီးအသုံးမချနိုင်ဘူးဆိုတာလည်း အဲဒီပွဲကိုကြည့်နေတဲ့ ပရိသတ်အားလုံးက သိနေပေမယ့် ကာပယ်လိုကတော့ သူ့ရဲ့ အမှားတွေကို မသိတာပဲလား… သူမှားနေပါတယ်ဆိုတာကို ဟက်စကီးကပဲ ပြန်လည်ချေဖျက်ပေးနိုင်မှာလားဆိုတာ စောင့်ကြည့်နေပုံပေါ်တယ်… အင်္ဂလန်အသင်းရဲ့ တိုက်စစ်ဆင်ကစားနေမှုဟာ အယ်လ်ဂျီးရီးယား အသင်းအတွက် အပန်းမကြီးခဲ့ပေမယ့် အယ်လ်ဂျီးရီးယားအသင်းက အင်္ဂလန်အသင်းကို တစ်ချက်တစ်ချက် ထိုးဖောက်ကစားခဲ့ချိန်တွေဆိုရင်တော့ အင်္ဂလန်အသင်း နောက်တန်းခံစစ်မှူးများဟာ အသည်းအသန်ကို ဖျက်ထုတ်ကစားခဲ့ရတာကို တွေ့မြင်ကြရမှာပါ။  အင်္ဂလန်အသင်းကစားပုံမှာ ချန်ပီယံဖြစ်နိုင်လောက်တဲ့ အရည်အချင်း တစ်ခုနဲ့မှကို မကိုက်ညီခဲ့ဘဲ အယ်လ်ဂျီးရီးယားအသင်းကို အသည်းအသန်ဖျက်ထုတ်ကစားသွားခဲ့ရပါတယ်။ အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ရဲ့ ဆန္ဒစောမှု၊ ဂိုးသွင်းလိုမှုတွေကြောင့် ကိုယ့်ဘောလုံးတွေ မကြာခဏဆိုသလို ပျက်စီးသွားခဲ့ရပါတယ်။ တိုက်စစ်မှူးတွေအတွက် ပံ့ပိုးပေးမှုတွေကလည်း တလွဲတချော်တွေဖြစ်နေခဲ့ရပါတယ်။ ဂျွန်ဆင်ရဲ့ ပေးပို့မှုတွေကလည်း အရာမရောက်နိုင်ခဲ့ပဲ အယ်လ်ဂျီးရီးယားနောက်တန်း အလွယ်တကူဖျက်ထုတ်နိုင်ခဲ့တယ်။ ရှေ့တန်းတွင်လည်း ရူနီ၊ ဟက်စကီးတို့ အမှားအယွင်းများစွာ ကျူးလွန်ခဲ့သလို လမ်းပတ်၊ ဂျရတ်တို့မှာလည်း ထင်သလောက် ခြေစွမ်းမပြသနိုင်ခဲ့ကြပေ။ ဂိုးသမားနေရာမှာလည်း ဒေးဗစ်ဂျိမ်းဖြစ်နေလို့ ဂိုးမပေးရဘူးလို့ ဆိုရမလိုပင်။ ဂရင်းသာဆိုရင် ဂိုးပေးရမှာကျိမ်းသေသလောက်ရှိနေပါတယ်။ အဲဒီမှားယွင်းမှုတွေကို ဖန်တီးသောသူဟာ အင်္ဂလန်နည်းပြကြီး ကာပယ်လိုပဲဖြစ်ပါတယ်။ နောက်ဆုံးလက်ကျန်ပွဲစဉ်ဖြစ်တဲ့ ဆလိုဗေးနီးယားနဲ့ပွဲစဉ်ဟာ အဆုံးအဖြတ်ပွဲတစ်ပွဲလို့ ဆိုနိုင်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ သရေကျလို့တောင် မဖြစ်တော့တဲ့ အနေအထားမှာ ရောက်ရှိလို့နေပါတယ်။ ဆလိုဗေးနီးယားလိုအသင်းကို အလွယ်တကူနဲ့တော့ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ဆလိုဗေးနီးယားအသင်းတစ်သင်းလုံးက လျင်လျင်မြန်မြန်နဲ့ ကစားတတ်လို့ အင်္ဂလန်အသင်းအတွက် အခက်တွေ့နေစေဦးမှာပါ။ အင်္ဂလန်အသင်းရဲ့ အဆုံးအဖြတ်ပွဲဟာ နည်းပြကာပယ်လိုလက်ထဲတွင် တည်ရှိလို့ နေပါတယ်။ ရှေ့ကကစားသွားခဲ့တဲ့ ပွဲတုန်းက လူစာရင်း၊ ကစားကွက် တို့ကို အပြောင်းအလဲ မလုပ်နိုင်ဘူးဆိုရင်တော့ အင်္ဂလန်အသင်းအတွက် ရင်လေးစရာပဲပေါ့။ အင်္ဂလန်အသင်းနည်းပြ ကာပယ်လိုသာ အဲဒီအမှားတွေကို အမှန်ပြင်နိုင်ခဲ့မယ် ဆိုရင်တော့ ရေးပန်းစားမှုအများဆုံးရှိတဲ့ အင်္ဂလန်အသင်းဟာ ပြန်လည်ဦးမော့လာနိုင်ဦးပေလိမ့် မည်။

Leave a Reply

Your email address will not be published.