“အန်ချင်စိတ်ကြောင့် ဒီကဗျာရေးမိတယ်”

စိတ်ဗလာနဲ့ တစ်ခုခုပေးချင်တာ

နည်းနည်းတော့ လွန်များသွားသလား…

အရိုးစွဲနေတဲ့ အတွေးအခေါ်အောက်

မင်းတွန်သံတွေ ဆူတုန်းပဲလား….

ရုပ်တစ်ခုမှာ စိတ်က ကိုယ်ပွားများတယ်

ရင်ကျပ်တာနဲ့ ရင့်ကျက်တာ နည်းနည်းတော့ ခွဲခြားပါ

ရတနာကို တန်ဖိုးရှိမှန်းမသိ မျက်ကန်းတစ်ယောက်

သိုက်ပုံပေါ် ချော်လဲကျတာတောင်

ဒဏ်ရာက နာနေတုန်းဆိုပြီး အပြစ်တင်နေတုန်း…

ကျွတ်..ပြဿနာ နင်းမကောင်းတုန်း ဆိုက္ကားဘီးပေါက်တယ်

အုံးနာက အိတ်စိုက်ရလို့ ညည်းချင်းတွေဆိုတော့…

ဆိုက္ကားသမားက ငတ်နေတဲ့ သူကလေး မျက်နှာ မြင်ယောင်မိ

ဝူး….လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါရစေ…

မိုးစိမ့်စိမ့်အေးတာတောင် ဒီလေက ဆူပွက်သေး

ပန်းကုံးစွပ်တဲ့ လက်ရဲ့ငွေကြေးစ

သူဆင်းရဲအိမ်၌ တစ်လစာ မိသားစုစရိတ်တဲ့…

မသိတော့ဘူးကွာ…မတွေးမိပါစေနဲ့တော့….

ဘာ…အချစ်ကြောင့် အရက်သောက်တယ် ဟုတ်လား..

ဟေ့…လူ အကြောင်းပြချက်ရဲ့ ခေါင်းစဉ်ပုဒ်

နည်းနည်းတော့ ပုဒ်ထီး ပုဒ်မ ဆန်လွန်းတယ်…

မိတ်ဖြစ်ဆွေဖြစ် ပြောတာ ကျွန်တော့် အလွန်ပေါ့

စည်းကျော်သွားမိသလား…ခင်ဗျာ

အဲ့တော့လည်း….ဖြစ်၊ပျက်စိတ်မွေးပြီး

ကမဋ္ဌာန်းရှုပေါ့…..ဟုတ်ပြီလား

အဲ့ဒါကမှ ကုသိုလ်ဖြစ် တရားဆန်သေး

တော်ပြီဗျာ….ပြောရတာ နည်းနည်းမောသွားပြီ

ရေသောက်ပါရစေ…သူငယ်ချင်း

“ဂလု”… လည်ပင်းနင်နေတဲ့ စကားလုံး

ပျို့အန်ကာ တစ်ဆို့နေတုန်းမို့

သူငယ်ချင်းရေ…

နောက်က ကျောကုန်း ခပ်နာနာထုပါ…။ ။

စေပိုင်ထွဋ်(ပုသိမ်)
(ခပ်ကြမ်းကြမ်းလေး တွေးပေးပါ)

12 comments

  • kyeemite

    April 10, 2012 at 8:57 am

    ကျောကုန်းကိုနာနာလေးထုပေးသွားပါတယ်ဗျာ..

    Reply

    • Gipsy

      April 10, 2012 at 11:36 am

      နာနာလေးထုလို့မှ မရသေးရင်..
      ကျောကုန်းကို သက်စိ ဟိုဒင်းနဲ့…..
      ငါးပေါင်တူနဲ့ ထုမဗျာ.. ( ကြမ်းကြမ်းလေးဆိုလို့ပါ)

      Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 12, 2012 at 7:59 pm

      အင်း အဲ့တော့မှ
      အဆုံးအစ မရှိ အန်လို့ရတာ
      ထုပေးသူကို ကျေးဇူပဲဗျာ

      Reply

  • မွန်မွန်

    April 10, 2012 at 11:03 am

    ကဗျာလေးက ကောင်းပါတယ်။
    အားပေးပါတယ်ရှင်။

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 12, 2012 at 8:05 pm

      အားပေးတဲ့ သူငယ်ချင်းကို ကျေးဇူး အထူးတင်ပါတယ်ဗျာ

      Reply

  • Gipsy

    April 10, 2012 at 11:45 am

    မော့ကြည့်နေဆဲ
    အတွေးတစ်စဟာ ပျောက်ဆုံးသွားခဲ့
    စည်းကျော်မှုတွေသာ
    ရင်မှာကျန်ရစ်
    ပြန်မဖြစ်နိုင်တော့တဲ့ ဖြစ်ပျက်မှုကိုတော့
    ကြိုးလျော့ဂစ်တာတစ်လက်လို
    ပြန်ညှိဖို့ ကြိုးစားနေလျှင်ကား….။

    Reply

  • char too lan

    April 10, 2012 at 2:17 pm

    အရိုးဆွေးနေတဲ့ ရာဇဝင်အောက်
    မင်းအူသံတွေ ဆူတုန်းပဲလား….
    ရုပ်တစ်ခုမှာ စိတ်က ကိုယ်ပွားများတယ်
    ရင်ကျပ်တာနဲ့ ရင့်ကျက်တာ နည်းနည်းတော့ ခွဲခြားပါ
    =========
    ဟိုအိမ်က စိတ်ပျက်စရာကောင်းလွန်းလို့ 🙄
    နဲနဲပြောင်းပီးခံစားသွားတယ် စိတ်ဆိုနဲ့

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 12, 2012 at 8:17 pm

      စိတ်ဆိုးရင် ထပ်ထိုးခံရတတ်တယ်တဲ့
      ဆိုးပါဘူး

      Reply

  • ကိုတတ်ပ

    April 12, 2012 at 9:25 pm

    ကဲကွယ် အပြောချို လူပျိုချော
    မောနေသလား
    င တတ်ပအား
    ကဗျာ တပုဒ်
    မနှေးအမြန်
    ရေးကာပေးလော့
    စေတစ်လုံးပိုင်
    ကိုုယ်တော် သခင်လေး။

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 12, 2012 at 9:31 pm

      မြှောက်အပြော လေကြောရယ်
      ချိုသာ
      ကိုတတ်ပ ကိုယ့်ဆရာ
      ငတိစေ ဘာမှ မတတ်တာမို့
      မရေးတတ် ဘေးထွက်ကာ နေရတယ်
      မျက်ရည်တောင်ကျ

      Reply

Leave a Reply

Your email address will not be published.